မာကာ အခြေအနေကောင်း၊ ၃-၄-၃ မှာ ရိုဘို အလုပ်မဖြစ်လို့ သတိပေးနေကြခြင်း၊ အန်ဒရီအတွက် ကမ်းလှမ်းထားခြင်း၊ လာဗီယာအတွက် ထပ်မံ ချဉ်းကပ်ဖို့ ရှိခြင်းနဲ့ လီဗာပူးသတင်းများ

မက်ကယ်လစ္စတာက သူ့ရဲ့ ဒဏ်ရာ မစိုးရိမ်ရလို့ ဒုတိယပိုင်း ဝင်ကစားလိုခဲ့ပေမယ့် ထိခိုက်မိတာက ဒူးဖြစ်တာကြောင့် စွန့်စားပြီး မသုံးဖို့ကိုပဲ ရွေးချယ်ခဲ့တာလို့ နည်းပြကလော့ပ်က ပြောပါတယ်။ ကယ်လစ္စတာရဲ့ အခြေအနေ မစိုးရိမ်ရပါဘူး။

လီဗာပူးအသင်းဟာ လာဗီယာအတွက် တတိယမြောက် ကမ်းလှမ်းမှု ပေးသွားဦးမှာပါ။ နောက်ဆုံးပေးခဲ့တဲ့ ပေါင် ၄၁ သန်းမှာတော့ ကနဦး ပေးမယ့် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၄၀ အောက်မှာပဲ ရှိထားတာ ဖြစ်ပါတယ်။

ဘရာဇီးကလပ် ဖလူမီးနက်စ် ကွင်းလယ်လူ အန်ဒရီအတွက် လီဗာပူးဘက်က ပေါင် ၂၁.၆ သန်းဖြင့် စတင် ကမ်းလှမ်းထားပြီး ထပ်တိုးကြေးအပါ ဆိုရင် ပေါင် ၂၅.၆ သန်းထိ ရောက်ရှိနိုင်ပါတယ်။

အန်ဒရီရဲ့ အပြောင်းအရွှေ့ဟာ အေးဂျင့် ဂျော့မန်ဒက်စ်ရဲ့ လုပ်နိုင်စွမ်းအ​ပေါ် မူတည်နေကာ ဘရာဇီးကလပ်ကတော့ ခပ်မြန်မြန် တုန့်ပြန်လိုစိတ် မရှိပါဘူး။ ဒီအပတ်ထဲ ကွင်းလယ်လူနဲ့ အဆုံးအဖြတ် ပေးတာမျိုး ဖလူမီးနက်စ်ဘက်က လုပ်မှာ မဟုတ်ဘူးလို့ သိထားရပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ကက်ဆီကို ခေါ်ယူဖို့ လီဗာပူးဘက်က စိတ်ဝင်စားကြောင်း ကက်တလန်သတင်းဌာနတွေက ဖော်ပြပါတယ်။ အင်္ဂလန်ဘက်ကတော့ ကက်ဆီနဲ့ ပတ်သက်လို့ ဘာသတင်းထူးမှ မရှိပါဘူး။

လီဗာပူးအသင်းမှာ ကွင်းလယ်အဖျက် အရေးတကြီး လိုနေတာကြောင့် လာဗီယာ အပြောင်းအရွှေ့ ကိစ္စ ဝင်ပါသွားဖို့ မန်ချက်စတာ ယူနိုက်တက်ဘက်က စဉ်းစားလာပါတယ်။

ချယ်ဆီးပွဲအတွက် တိုက်စစ် ၃ယောက်တန်း ဘယ်သူတွေ ဖြစ်သင့်သလဲ ရွေးချယ်မှုက အတော်လေး အငြင်းအခုံ ဖြစ်နေပါတယ်။ ဆာလာတစ်ဦးတည်းပဲ ညာခြမ်းအတွက် သေချာပြီး ကျန် ၂ နေရာအတွက် တိုက်စစ်သမား ၄ ဦး ပြိုင်ဆိုင်ရမှာပါ။

ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်ချိန် ကစားပုံ ကောင်းခဲ့တဲ့ ကာတစ်ဂျုံးဟာ ခံစစ်ကာကွယ်မှုတွေအတွင်း တစ်ဦးချင်း လုယူမှုတွေ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူး ခံစစ်အမှားတွေဟာ သူ့ကြောင်းချည်း မဟုတ်ဘဲ ကွင်းလယ်အတွင်းလူနဲ့ အစွန်လူ နှစ်ဦးတို့ရဲ့ ချိတ်ဆက်ကစားပုံအပေါ် ထောက်ပြမှုတွေ ရှိနေပါတယ်။

ထရန့်ကို ညာခြမ်းကနေ အတွင်းထံ ဝင်ခိုင်းတဲ့ စနစ်မှာ ညာခြမ်း ဗဟိုခံစစ်မှူးနဲ့ ရိုဘို နေရာဟာ ခံစစ်ကာကွယ်မှုအတွက် တောင်းဆိုခံရမှု ကြီးမားလွန်းနေပြီး ယိုပေါက်တွေ ဖြစ်လွန်းနေတာမို့ တစ်ခုခု လုပ်ဖို့ အသင်းကို တိုက်တွန်းနေပါတယ်။

ရိုဘိုဟာ ၃-၄-၃ ပုံစံမှာ ခံစစ်ပိုင်း ကာကွယ်မှု အံမဝင်ကြောင်းနဲ့ အစွန်လူ နှစ်ဦးလုံး နေရာပျောက်နေတာမို့ ဘယ်ခြမ်း ဗဟိုခံစစ်မှူး ထည့်မှပဲ တည်ငြိမ်နိုင်မယ်လို့ ယူဆချက်တွေ ထွက်ပေါ်နေပါတယ်။