ဘိုင်ယန်မြူးနစ်ပွဲမှာ ပေးဂိုးများခဲ့ရခြင်း အဓိက အားနည်းချက်ကို နည်းပြကလော့ပ် ဖော်ထုတ်

နည်းပြကလော့ပ်က ဘိုင်ယန်မြူးနစ်ပွဲမှာ ခံစစ်ပိုင်း အမှားလုပ်ခဲ့တာတွေကို မြင်ရခြင်းအပေါ် သဘောမကျကြောင်း ထုတ်ပြောခဲ့ပြီး လာမယ့် ရက်တွေမှာ ဒီအခြေအနေကို လေ့လာစိစစ်မှုတွေ ပြုလုပ်မယ်လို့ ဆိုလာပါတယ်။

လီဗာပူးအသင်းရဲ့ ခံစစ်ဟာ ပေးဂိုး ၄ ဂိုးထိ ရှိခဲ့တာဖြစ်ပြီး ပေးဂိုးတိုင်းမှာ ခံစစ် ယိုပေါက်တွေကို ပြိုင်ဘက်က အသုံးချနိုင်ခဲ့တာကို ထင်ထင်ရှားရှား မြင်ခဲ့ရတာပါ။ နည်းပြကတော့ ဒါဟာ ပွဲအ​ပေါ် အာရုံစူးစိုက်မှု အားနည်းခြင်းကြောင့် ဖြစ်ခဲ့တာလို့ မြင်ပါတယ်။

“ ကောင်းတဲ့ကိစ္စတွေ အများကြီး မြင်ပါတယ်။ ဒါပေမယ့် ကျနော် မကြိုက်တာတွေလည်း မြင်ခဲ့ပါတယ်။ ဒါတွေကို ကျနော်တို့ ပြန်ပြီး လေ့လာစိစစ်သွားမှာပါ။ ရာသီကြိုတိုင်း ကျနော်တို့ ဒီလို လေ့လာစိစစ်မှုတွေကို အမြဲ လုပ်ပါတယ်။

ဂိုးတွေပေးရတဲ့ အဓိက အချက်ကတော့ အာရုံစူးစိုက်မှု နည်းခဲ့ကြလို့ပါပဲ။ နှစ်ကြိမ်တောင် အဲ့လိုဖြစ်ခဲ့ပါတယ်။ ပထမဂိုးနဲ့ စတုတ္ထဂိုးဟာ အာရုံစူးစိုက်မှု မကောင်းတဲ့ ပုံစံမျိုးတွေကြောင့် ခပ်ဆင်ဆင် အခြေအနေတွေကနေ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ဒါတွေကို သေသေချာချာလေး ပြန်သုံးသပ်သွားမှာပါ။ အိမ်အပြန်ခရီးမှာ ဒါတွေကို သေချာလေး လေ့လာကြည့်ဖို့ အချိန်ရပါတယ် ” လို့ ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ နည်းပြကလော့ပ်က ပြောပါတယ်။

လီဗာပူးခံစစ်ဟာ ၄ ဂိုးပေးရတဲ့ ဒုတိယမြောက် ရာသီကြို ခြေစမ်းပွဲကို ယှဉ်ပြိုင်ခဲ့တာ ဖြစ်ကာ ၄ ပွဲအတွင်း ပေးဂိုး ၁၀ ဂိုးထိ ရှိထားပါတယ်။ နည်းပြကတော့ မာတစ်က နှေးလို့ အီဘူးဆိုရင် မပေးရဘူး ဆိုတာမျိုး မပြောခဲ့ဘဲ ပွဲထဲမှာ သတိမကပ်ခဲ့ကြလို့ ဒီလိုဂိုးတွေ ပေးရတာလို့ တုန့်ပြန်ပါတယ်။

“ ဂိုးပေါက်နားမှာ ခံစစ်ကာကွယ်တဲ့ အခြေအနေတွေက သိပ်မကောင်းပါဘူး။ ဒါပေမယ့် ပြိုင်ဘက်ရဲ့ ကွင်းဘယ်နားမှာတော့ အတော်လေး အခြေအနေ ကောင်းပါတယ်။ ဘိုင်ယန်ပွဲအတွင်း ပေးလိုက်ရတဲ့ ပထမဂိုးမှာ ထရန့်နဲ့ မာတစ်တို့ တုန့်ပြန်ပုံ ပိုကောင်းခဲ့သင့်ပါတယ်။

ဒုတိယပိုင်းမှာလည်း အခြေအနေတူတူပါပဲ။ ဒီတော့ မာတစ်နဲ့ အီဘူးကြား မြန်နှုန်းနဲ့ ပတ်သက်ပြီး ပြောတာမျိုးထက် သူတို့ သတိမကပ်ခဲ့ကြလို့ ဂိုးပေးရတာမျိုးပါ။ အခြေအနေကို အမြဲ သတိထားနေရမှာပါ၊ ဘောလုံးမှာ အနားပေးထားတယ် ဆိုတာ မရှိပါဘူး ” လို့ နည်းပြကလော့ပ်က ရှင်းပြသွားတာ ဖြစ်ပါတယ်။