ကိုင်ဆီဒိုအတွက် အမည်မသိ ကလပ်ထံက ကမ်းလှမ်းမှုရခဲ့တဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းဟာ ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် နာမည်ဖော်ပြခြင်း မရှိသေးတဲ့ ကလပ်တစ်သင်းထံက ကမ်းလှမ်းမှုရခဲ့တယ်လို့ The Athletic က ဖော်ပြပါတယ်။

ဘရိုက်တန် ကွင်းလယ်လူကို ခေါ်ယူဖို့ ဒီနွေမှာ ချယ်ဆီးအသင်းက တော်လျှောက် ကြိုးစားနေခဲ့ပြီး ကမ်းလှမ်းမှု ၄ ကြိမ်တိုင် ပေးထားခဲ့တာပါ။ သူတို့ နောက်ဆုံး ပေးထားတဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၈၀ ထိ ရှိထားပါတယ်။

ကိုင်ဆီဒိုအတွက် ကြားဝင်လာတဲ့ ကလပ်ဟာ ချယ်ဆီးပေးထားတာထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုမျိုး ပေးထားတယ်လို့ သိရတဲ့နောက် မာဆေးဆိုဒ်ကလပ်များ ဖြစ်နေမလားလို့ လီဗာပူး သတင်းထောက် အချို့က မေးခွန်းထုတ်နေကြပါတယ်။

လီဗာပူးဟာ လက်ရှိ စျေးကွက်ကနေ ကွင်းလယ်လူ အရေးတကြီး ရှာဖွေနေတာ ဖြစ်ပါတယ်။ မနှစ်ကနွေမှာ လီဗာပူးအသင်းက ကိုင်ဆီဒိုအတွက် ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ချိတ်ဆက်ခဲ့ဖူးပြီး အဲ့ပမာဏနဲ့ဆိုရင် မဖြစ်နိုင်ကြောင်း ငြင်းဆန်ခံခဲ့ရတယ်။

ဘရိုက်တန်ဘက်ကတော့ ဒီနွေမှာ ကိုင်ဆီဒိုကို ထွက်ခွင့်ပေးမှာ ဖြစ်ပေမယ့်လို့ ဝက်စ်ဟမ်းအသင်းက ဒီကလန်ရိုက်စ်ကို ရောင်းချစဉ် ရခဲ့တဲ့ ပေါင် ၁၀၅ သန်းလို ပြောင်းရွှေ့ကြေးမျိုး ရလိုနေတာပါ။

ကိုင်ဆီဒိုအတွက် ကြားဖြတ်ဝင်လာတဲ့ ကလပ်က ပရီးမီးယားလိဂ်ကလပ် ဖြစ်မယ်လို့ ယူဆနေကြပြီး ပေါင် သန်း ၈၀ ဝန်းကျင် ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူလိုနေတဲ့ ဒါမှမဟုတ် ခေါ်ယူနိုင်တဲ့ ကလပ်တွေဟာ သိပ်အများကြီး မရှိတာ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ လာဗီယာအတွက် ပေါင် သန်း ၅၀ ကိုတောင် မပေးနိုင်တာမို့ ကိုင်ဆီဒိုကို ကြားဖြတ် ကြိုးစားလာတာ တခြားအသင်းပဲ ဖြစ်မယ်လို့ မှတ်ချက်ပေးနေကြပါတယ်။