ပရီးမီးယားလိဂ်မှာ နံပါတ် ၂၀ မြောက် အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ လီဗာပူး

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ လူစာရင်း စုဖွဲ့မှုဟာ အံ့ဩဖို့ ကောင်းလောက်တဲ့ အနေအထားမှာ ရှိနေကြောင်းကို နောက်ဆုံးရ အပြောင်းအရွှေ့ မှတ်တမ်းတွေကနေ မြင်တွေ့နေရပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းဟာ ကစားသမား ၁၁ ဦးထိကို ထွက်ခွင့်ပေးထားပါတယ်။ သူတို့ထဲမှာတော့ အပြီးသတ် ရောင်းချလိုက်တဲ့ ဟန်ဒါဆန်၊ ဖာဘင်ညို အပါအဝင် အငှားချထားတဲ့ ကာဗာရို၊ ဗန်ဒန်ဘတ်၊ ရမ်ဆေး၊ ရိုင်းဝီလီယမ်နဲ့တကွ အငှားခေါ်ယူခြင်းကနေ ပြန်ပို့လိုက်တဲ့ အာသာတို့ ပါဝင်ပါတယ်။

အသင်း ပြန်လည် ခေါ်ယူထားတဲ့ ကစားသမားကတော့ ၂ ဦးပဲရှိပြီး ဘရိုက်တန်ကနေ မက်ကယ်လစ္စတာကို ပေါင် ၃၅ သန်း၊ လိုက်ဇစ်ကနေ ဆိုဘိုစလိုင်ကို ပေါင် သန်း ၆၀ တို့ဖြင့် အင်အားဖြည့်ထားတာ ဖြစ်ပါတယ်။

လက်ရှိ လီဗာပူး လူစာရင်းမှာ စီနီယာ ၂၂ ဦး ရှိထားပြီး အသင်းပြောင်းနိုင်ချေ ရှိနေဆဲ ကလယ်ဟာနဲ့ နက်ဖီးလစ်တို့လည်း ပါဝင်ထားပါတယ်။ ထပ်တိုးလာဖွယ် ကစားသမား စာရင်းအဖြစ်ဆိုရင် အသက် ၂၀ အရွယ် ခံစစ်သမားတွေဖြစ်တဲ့ ဘရတ်ဒလေနဲ့ ကွမ်းဆက်တို့ကို စီနီယာအသင်းထံ ခေါ်ယူနိုင်ပါတယ်။

ပရီးမီးယားလိဂ်မှာ လူသစ် တစ်ဦးမှ ခေါ်ယူနိုင်ခြင်း မရှိသေးတဲ့ ဝက်စ်ဟမ်းကတောင် အသင်းသား ၂၃ ဦးရှိပြီး လီဗာပူး လူစာရင်းက ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာ နံပါတ် ၂၀ နေရာကနေ အနည်းဆုံးဖြစ်နေတာပါ။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ လူအင်အား အကြီးဆုံးဖြစ်ကာ ၃၅ ဦးထိရှိပြီး အာဆင်နယ်က ၃၄ ဦးနဲ့ ချယ်ဆီး၊ စပါး၊ နယူးကာဆယ်တို့က ၃၂ ဦးစီ ပိုင်ဆိုင်ထားကြတာနဲ့ နှိုင်းယှဉ်ရင် လီဗာပူးအသင်းဟာ ဘယ်လောက်ထိ လူစာရင်း အားပျော့သလဲ မြင်သာပါတယ်။

လက်တလောမှာ ဆောက်သမ်တန်မှ လာဗီယာနဲ့ ဖလူမီနက်စ်မှ အန်ဒရီတို့ကို လက်တလော ချိတ်ဆက်နေပါတယ်။ ဒီလူစာရင်းဟာ ရာသီသစ်အတွက် လုံလောက်မှု ရှိမရှိဆိုတာကိုတော့ ကလပ် တာဝန်ရှိသူတွေနဲ့ နည်းပြအဖွဲ့က ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။