

ရာသီသစ်အတွက် ကွင်းလယ် အင်အားဖြည့်ဖို့ ကြိုးစားနေတဲ့ လီဗာပူးအသင်းဟာ လက်တလောမှာ လက်စတာကွင်းလယ်လူ ဒူစ်ဘူရီဟောကိုလည်း စိတ်ဝင်စားနေပြီး အလေးအနက် ချိတ်ဆက်သွားမလားတော့ မခန့်မှန်းနိုင်သေးပါဘူး။
လက်ရှိ လူစာရင်းမှာ ကွင်းလယ်ပိုင်းအပြင် homegrown ကစားသမား လိုအပ်ချက်လည်း ရှိနေတာပါ။ လက်စတာအသင်းမှ အသက် ၂၄ နှစ်အရွယ် ဒူစ်ဘူရီဟောကို လီဗာပူးအသင်း စိတ်ဝင်စားနေကြောင်းကိုတော့ အပြောင်းအရွှေ့ သတင်းထောက် တစ်ဦးဖြစ်တဲ့ Jacque Talbot က ဖော်ထုတ်လာပါတယ်။
လက်စတာ အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ဒူစ်ဘူရီဟောဟာ မြေခွေးတို့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၂ ရာသီမှာ အမှတ်ပေးပွဲ ၆၀ ဝန်းကျင် ကစားခွင့်ရခဲ့သူပါ။ သူဟာ ကွင်းလယ်နဲ့ ကွင်းလယ်အဖျက် နေရာတွေကို ကစားသူ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဆောက်သမ်တန်မှ အသက် ၁၉ နှစ်အရွယ် လာဗီယာကို လိုက်နေတာဖြစ်ပြီး အနာဂတ်မှာ homegrown စာရင်းထဲ ထည့်လို့ရမယ့် ဘယ်ဂျီယံသားအတွက် တတိယမြောက် ကမ်းလှမ်းမှုပေးဖို့ အသင့်ပြင်နေပါတယ်။
အသင်းရဲ့ ကွင်းလယ်ဟာ လာဗီယာ ပါဝင်လာခဲ့ရင် ပျှမ်းမျှအသက် ၂၂.၄ နှစ်ဝန်းကျင် ရှိနေမှာမို့ အရမ်းကို နုနယ်လွန်းနေတယ်လို့ နည်းပြအဖွဲ့က မြင်ထားပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ လာဗီယာအပြင် နောက်ထပ် ကွင်းလယ်လူ ထပ်ခေါ်ယူဖို့ ကြိုးစားနေတာက ဖုန်းကွယ်ထားတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။
ဘရာဇီးကလပ် ဖလူမီးနက်စ်မှ အန်ဒရီကို ခေါ်လိုပေမယ့် ဘရာဇီးကလပ်ကလည်း ပြည်တွင်းလိဂ်မှာ အဆင့်ရပ်တည်ချက် ကောင်းနေတာမို့ အဓိက ကွင်းလယ်လူကို လက်မလွတ်လိုပါဘူး။ လီဗာပူးဘက်က အခြားသော ကွင်းလယ်လူတွေကို ချိတ်ဆက်လာမယ် ခန့်မှန်းထားရပါတယ်။
လက်စတာဟာ ချန်ပီယံရှစ်မှာ ရုန်းကန်ရမယ့် ဒီရာသီအတွက် ဘဏ္ဍာရေးပိုင်း ထိန်းညိနှိုင်ရေး အချို့သော ကစားသမားတွေကို လက်လွတ်ရဖွယ် ရှိနေပါတယ်။