

လီဗာပူးအသင်းရဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့ဟာ ၂၀၂၃ ခုနှစ်ထဲ ဖြစ်ထားတဲ့ အပြောင်းအလဲတွေနဲ့အတူ သိပ်ပြီး အဆင်ချောမွေ့မှု မရှိသလို အဲ့ရဲ့ နောက်ဆက်တွဲဟာ ဒီနွေစျေးကွက်မှာ လာရိုက်ခတ်နေပါတယ်။
ဒီနွေမှာ ကလပ်ဘက်က ထင်မထားတဲ့ ချိတ်ဆက်မှုတွေအဖြစ် ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကို ဆော်ဒီကလပ်တွေက ခေါ်ယူသွားပါတယ်။ လီဗာပူးအသင်းဟာ ဒီကိစ္စတွေမှာ တားဆီးဖို့ရာ အင်အားနည်းပါးခဲ့သလို ပိုပြီး စိတ်ပျက်စရာ ကောင်းတာက ပြန်လည် အစားထိုးမှုတွေဟာလည်း အခုထိ မအောင်မြင်သေးပါဘူး။
ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့အတွက် သင့်လျော်တဲ့ ပမာဏဖြင့် ညိနှိုင်းစကားပြောဖို့ဟာ ဇွန်လ အစမှာတင် အားကစားဒါရိုက်တာ ရာထူးကို စတင်ကိုင်တွယ်နေတဲ့ ဂျော့ရှမတ်ကီ ရင်ဆိုင်ရမယ့် ကိစ္စတွေထဲ ကနဦးမှာ မပါခဲ့ပါဘူး။ မက်ကယ်လစ္စတာကို ခေါ်ယူရေးဟာလည်း ဂျူလီယန်ဝတ် အပြီးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အားကစားဒါရိုက်တာအဖြစ် ၃ လ တာဝန်ယူနေတဲ့ ရှမတ်ကီ ကိုင်တွယ်နိုင်တဲ့ စျေးကွက်ဟာ သိပ်ကို ကျဉ်းမြောင်းလွန်းနေတာကို လီဗာပူးဘက်က သိလာရတာနဲ့အတူ သူ့ကို ဂျူလီယန်ဝတ်နေရာ ရေရှည် အစားထိုးမယ့်သူအဖြစ် စဉ်းစားဖို့ ခက်ခဲလာနေပါပြီ။
ရှမတ်ကီဟာ လီဗာပူး အကယ်ဒမီက စီနီယာအဖွဲ့သားတွေဖြင့် မျက်နှာခြင်းဆိုင် တွေ့ဆုံတာမျိုးလည်း မရှိဘူး။ သူဟာ လီဗာပူးအသင်းမှာ သီတင်းပတ်တွေကြား ပူးပေါင်းခဲ့ပေမယ့် ချက်ခြင်းဆိုသလို စပိန်က သူ့နေအိမ်ကိုပဲ ပြန်သွားလေ့ရှိပါတယ်။
ရှမတ်ကီဟာ လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို မျက်နှာခြင်းဆိုင် စီမံတာထက် Balearic Island က သူ့နေအိမ်ကနေ ဖုန်း ဒါမှမဟုတ် လက်တော့ကနေပဲ လက်ခံ ပြောဆိုလေ့ ရှိပါတယ်။ ကွင်းလယ်တန်း တစ်ခုလုံးကို ပြောင်းလဲရဖို့ လိုနေတာမျိုးကို ရှမတ်ကီက ကိုင်တွယ်နိုင်စွမ်း အားနည်းပါတယ်။
လီဗာပူးအသင်းဟာ ထရန့်လို အဓိက ကစားသမားတွေကို သက်တမ်းတိုးဖို့လို ကိစ္စမှာလည်း ရှမတ်ကီကို တာဝန်ယူခွင့် မပေးဘဲ ကန့်သတ်ထားပါတယ်။ သက်တမ်းတိုး စာချုပ် ကိစ္စတွေကို အခြားသော ကလပ် တာဝန်ရှိသူ တစ်ဦးက လုပ်ဆောင်နေပါတယ်။
လာဗီယာကို ချဉ်းကပ်ဖို့ ဂျော့ရှမတ်ကီ ဦးဆောင်နေမှုကို ကြည့်မယ်ဆိုရင်လည်း နှစ်သင်းလုံးဟာ အပြောင်းအရွှေ့ အနေအထားအတွက် စိတ်မသက်မသာ ဖြစ်နေကြဟန် ရှိပါတယ်။ ရှမတ်ကီ ဦးဆောင်နေတဲ့ လီဗာပူး ကစားသမား ခေါ်ယူရေးအဖွဲ့ဟာ လာဗီယာအတွက် ချဉ်းကပ်နေတာ ၂ ပတ်လောက် ကြာနေတဲ့ထိ တိုးတက်မှုက နှေးကွေးလွန်းပါတယ်။
လီဗာပူးဘက်က မိုက်ကယ် အတ်ဝဒ်လို ပါးနပ်ပြီး အပြောင်းအရွှေတွေအား တိုးတိတ်စွာ အပြီးသတ်နိုင်တဲ့ အားကစားဒါရိုက်တာမျိုးကို အခုချိန်ထိ ပြန်အစားမထိုးနိုင်ခဲ့ဘဲ လက်ရှိမှာတော့ ရှမတ်ကီရဲ့ စွမ်းဆောင်ရည်ကို အတော်လေး စိစစ်ကြည်ရှုနေပြီ ဖြစ်ပါတယ်။