လီဗာပူးဟာ မာနေးလို ကြီးမားတဲ့ အရည်အသွေးမျိုးနဲ့ ကစားသမားကို လိုအပ်နေပေမယ့် ကလော့ပ်ဟာ အတိတ်ကို ပြန်သတိရနေမှာ မဟုတ်ဘဲ အသစ်တွေကို ဖန်တီးနိုင်ဖို့ ဆက်သွားမယ့်သူလို့ ခံစစ်မှူးဟောင်း ကိုလိုတိုရေးက မှတ်ချက်ပေးလာခဲ့ပါတယ်။
မာနေးဟာ လီဗာပူးမှာ အရာအားလုံး အောင်မြင်ခဲ့ပေမယ့် သူ့ရဲ့ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့မှုဟာ မျှော်လင့်သလို ဖြစ်မလာခဲ့တာနဲ့အတူ လီဗာပူး ပရိသတ်တွေဟာ မာနေးကို ပြန်ခေါ်ဖို့နဲ့ ပတ်သက်ပြီး ထင်ကြေးပေးခဲ့ကြတာပါ။ ဒါပေမယ့် သူတို့တွေ ပြန်ပေါင်းစည်းဖို့တော့ မဖြစ်နိုင်တော့ဘူးလို့ တိုရေးက ဆိုပါတယ်။
“ ယာဂင်က ထိပ်တန်မန်နေဂျာတစ်ယောက်ပဲ။ သူ ဂျာမနီက အောင်မြင်ခဲ့တယ်။ အင်္ဂလန်မှာလည်း အောင်မြင်ခဲ့တယ်။ ကလပ်တိုင်းက အပြောင်းအလဲကာလ တစ်ခုကို ကျော်ဖြတ်ရမှာပဲ။ မာနေးကို ဆုံးရှုံးလိုက်ရတာက သူတို့အတွက် ကြီးမားတဲ့ နစ်နာမှုတစ်ခု ဖြစ်ခဲ့တယ်။ လီဗာပူးအတွက် မာနေးက ထူးခြားခဲ့တယ်လို့ ထင်ပါတယ်။
ဂိုးလဲသွင်းသလို ဖန်တီးမှုတွေပါ လုပ်နိုင်တဲ့ မာနေးက ကြီးကျယ်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိခဲ့တယ်။ သူက ခက်ခဲတဲ့အချိန်မှာ အခြေအနေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားမျိုးပါ။ ဒါပေမယ့် နည်းပြအဖွဲ့က လီဗာပူးရဲ့ ဗားရှင်းအသစ်ကို ရှာဖွေနေတယ်လို့ ကျွန်တော် ထင်တယ်။
ယာဂင်က သူ့အသင်းကို အသစ်ပြင်ဆင်ပြီးတော့ အသင်းနဲ့ အံဝင်မယ့် ကစားသမားတွေကို ရှာဖွေနေတယ်။ ဒါပေမယ့် သူလုပ်နိုင်မှာ သေချာတယ်။ သူ့က အတွေ့အကြုံတွေ အများကြီးရှိပြီး စီမံခန့်ခွဲမှု ကောင်းကောင်းလုပ်နိုင်တဲ့သူပါ။ ကျွန်တော် သူနဲ့အတူ အချိန်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့တယ်။ အသင်းကို ဆုဖလားတွေ ပြန်ပြီးစိန်ခေါ်နိုင်အောင် သူ နည်းလမ်းရှာပေးနိုင်မယ်လို့ ယုံကြည်ပါတယ် ” လို့
လီဗာပူးအသင်းမှာ မာနေးချန်ခဲ့တဲ့ ဘယ်တောင်ပံနေရာကို ဂက်ပို၊ ဂျိုတာ၊ ဒီယက်ဇ်နဲ့ ဒါဝင်တို့ အပြိုင်လုရဖွယ်ရှိပြီး သူတို့ထဲက ၃ ဦးလောက်ဟာ မာနေး နောက်ဆုံး ကစားခဲ့တဲ့ အထောင်တိုက်စစ်နေရာအတွက်လည်း ယှဉ်ပြိုင်နေရတာပါ။ ကလော့ပ်က ကစားသမားသစ်တွေကို အချိန်ပေးမှာ ဖြစ်ပေမယ့် တစ်ဦးတည်းအပေါ် မှီခိုနေမယ့်သူ မဟုတ်ဘူးလို့ တိုရေးက ရှင်းပြခဲ့တယ်။
“ ဒီကစားသမားတွေကို သူဆက်ပြီး အသုံးပြုနေမှာပါ။ လီဗာပူးအသင်းမှာ သူတို့ အံဝင်နိုင်တယ်ဆိုတာ ပြသဖို့ သူတို့ကို အချိန်ပေးဖို့ လိုပါတယ်။ ကစားသမား တစ်ယောက်က အသင်းအတွက် စွမ်းဆောင်ပေးနိုင်ကြောင်း သပ်သေပြရမှာပဲလေ မဟုတ်ရင် နောက်တစ်ယောက်ကို အားကိုးရမှာပဲ။ ယာဂင်က အသင်းအတွက် လိုက်ဖက်ညီတဲ့ ကစားသမားတွေကို ရှာတွေ့ဖို့ သူကြိုးစားနေပါတယ်”လို့ တိုရေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။