လူသစ် ၃ ဦး ခေါ်မှာလို့ အခိုင်အမာဆိုတဲ့ ရိုမန်နို၊ အသင်း ခေါ်ယူလိုတဲ့ ကွင်းလယ် ၂ မျိုးနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

စကိုင်းစပေါ့မှ သတင်းထောက် Melissa Reddy က လီဗာပူးအသင်းဟာ အမျိုးအစား ၂ မျိုးအတွက် ကွင်းလယ်လူသစ် နှစ်ဦး ခေါ်ယူလိုနေကြောင်းကို ဖော်ထုတ်သွားပါတယ်။

လီဗာပူးဘက်က ရှာဖွေနေသူ နှစ်ဦးဟာ ပွဲကို ထိန်းချုပ်နိုင်မယ့် “controller” သမားနဲ့ အဖျက်အားသန်တဲ့ “progressive destroyer” သမားဖြစ်တယ်လို့လည်း Reddy က ဆိုသွားပါတယ်။

ဆောက်သမ်တန်ဟာ လာဗီယာနီးတူ ပြန်လည်ရောင်းချရာမှာ အကျိုးခံစားခွင့် ပါဝင်တဲ့ ခံစစ်သမား လီဗရာမန်တိုကို သူတို့ သတ်မှတ်ထားတဲ့ ပေါင် သန်း ၅၀ အောက်ဖြစ်တဲ့ ပေါင် သန်း ၄၀ ဖြင့် နယူးကာဆယ်ကို ရောင်းချခဲ့ပါတယ်။ လီဗာပူးကတော့ လာဗီယာအတွက် ပေါင် ၄၁ သန်းဖြင့် ကမ်းလှမ်းမှု မအောင်မြင်ခဲ့ပါဘူး။

ဒီကနေ့ လေ့ကျင့်ရေးမှာ အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ အသင်းလိုက် လေ့ကျင့်ရေး အပြည့် ပြန်ဝင်မှာ ဖြစ်ပါတယ်။

လာဗီယာအတွက် ဆောက်သမ်တန်ဘက်က အခုလိုပဲ တင်းခံနေမယ်ဆိုရင် အခြားသော ပစ်မှတ်ဘက်ကို လီဗာပူးအသင်း ဦးလှည့်သွားနိုင်တယ်လို့ James Pearce က ဆိုပါတယ်။

ဆောက်သမ်တန်ဟာ ရှက်ဖီးကို ၂-၁ ဖြင့် အနိုင်ရတဲ့ သူတို့ရဲ့ ချန်ပီယံရှစ် အဖွင့်ပွဲမှာ လာဗီယာကို အရန်စာရင်းမှာ ထည့်ထားပေမယ့် ထုတ်မသုံးခဲ့ပါဘူး။ ဒါဟာ အကောင်းမြင်စရာ အခြေအနေဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စျေးကွက်မပိတ်ခင် ကွင်းလယ်လူသစ် ၂ ဦး ခေါ်ယူမှာဖြစ်ပြီး မြင့်မားတဲ့ အဆင့်မှာ ကစားနိုင်တဲ့ ခံစစ်မှူး တစ်ဦးကိုလည်း ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ ရိုမန်နိုက ပြောလာပါတယ်။

ဘောလုံးရာသီသစ် စတင်လာဖို့ နီးစပ်နေသလို အပြောင်းအရွှေ့ နောက်ဆုံးရကို ရောက်နေချိန်မှာ အသင်းထံက တိုးတက်တဲ့ ကစားသမား ခေါ်ယူမှုတွေ မမြင်ရခြင်းအတွက် လီဗာပူးပရိသတ်တွေ စိုးရိမ်လာနေကြပါပြီ။