လီဗာပူးအသင်း ကစားသမားသစ် ၃ ဦး ခေါ်ဦးမယ်လို့ ဘယ်သူတွေ ပြောလာနေတာလဲ

ဒီနွေစျေးကွက်မှာ လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ ၂ ဦးကိုပဲ ခေါ်ယူထားပြီး ကွင်းလယ်နေရာအတွက် ချိတ်ဆက်မှုတွေ လုပ်ဆောင်နေခဲ့တာပါ။

အသင်းရဲ့ နွေလှုပ်ရှားမှုတွေဟာ ချန်ပီယံဖြစ်လိုတဲ့ အသင်းတစ်သင်းရဲ့ အနေအထား မဟုတ်ကြောင်း ပရိသတ်တွေဘက်က မှတ်ချက်ပေးနေကြပြီး ကွင်းလယ်ခံစစ်နေရာ လူသစ် တစ်ဦး ခေါ်ယူခြင်းဖြင့် စျေးကွက်ပိတ်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။ ဒါပေမယ့် ထပ်ခေါ်မှာပါလို့ သတင်းထောက်တွေက ဆိုလာပါတယ်။

ဂျာမနီ ရာသီကြိုမှာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုကို လက်လွတ်ရဖို့ ဖြစ်နေကတည်းက လီဗာပူးအသင်းဟာ လာဗီယာကို စိတ်ဝင်စားနေကြောင်းနဲ့ ဆယ်ကျော်သက်လေးတင် မဟုတ်ဘဲ အတွေ့အကြုံရှိ ကွင်းလယ်လူကိုလည်း ထပ်မံ ခေါ်ယူဦးမယ်လို့ The Athletic နဲ့ The Telegraph မှ သတင်းထောက်တွေ ဖော်ပြလာခဲ့တာပါ။

စင်္ကာပူ ခရီးစဉ်အတွင်း ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ အပြီးသတ် ထွက်ခွာသွားချိန်မှာ လာဗီယာကို တရားဝင် ကမ်းလှမ်းမှု စတင်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ လီဗာပူးက အတွေ့အကြုံရှိ ကွင်းလယ်လူနဲ့ ခံစစ်မှူး တစ်ဦးကို ခေါ်ယူလိုကြောင်းကို သတင်းထောက် David Ornstein နဲ့ စကိုင်းစပေါ့ဘက်က ဖော်ပြလာပါတယ်။

မီဒီယာတွေထက်မှာ လူသစ် ၃ ဦးလို့ ကျယ်ကျယ်လောင်လောင် ပြောလာချိန်မှာ အန်ဒရီကို ချိတ်ဆက်နေတယ်လို့ ဘရာဇီးသတင်းထောက်တွေ စတင် ဖော်ထုတ်လာခဲ့ကြပါတယ်။ ဒါပေမယ့် လာဗီယာအတွက် သဘောတူညီမှု မရသေးသလို အန်ဒရီကို ဖလူမီးနက်စ်ဘက်က ဇန်နဝါရီမှ ရောင်းလိုပါတယ်။

ဇူလိုင်လ နောက်ဆုံးအပတ်မှာတော့ The Athletic သတင်းထောက် Simon Hughes က အားကစားဒါရိုက်တာသစ် ရှမတ်ကီဟာ မိုက်ကယ်အဒ်ဝတ် မပြောနဲ့ ဂျူလီယန်ဝတ် အဆင့်လောက်တောင် မစွမ်းကြောင်း၊ လီဗာပူး လူသစ်ရဖို့ မလွယ်ကြောင်း ဝေဖန် သုံးသပ်ချက် ရေးသားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ အပြောင်းအရွှေ့ စျေးကွက်တွေအတွင်း အသင်းပိုင်ရှင်ဘက်က ကာကွယ်လွန်းတာကြောင့် ကလော့ပ်ဟာ Simon Hughes, Melissa Reddy အစရှိတဲ့ လီဗာပူးမြို့ဖွား သတင်းထောက်တွေနဲ့ မကျေမလည်တွေ ရှိထားတာပါ။ အဓိက ထိပ်တိုက်ဖြစ်ခဲ့တာက ၎င်းတို့က လီဗာပူး မှားယွင်းနေတဲ့ အတွင်းရေး ကိစ္စတွေကို ဖွင့်ချရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စ ဝေဖန်ချက်တွေ လုပ်ခဲ့တဲ့ Melissa Reddy ကိုယ်တိုင်ကလည်း လီဗာပူးအသင်း ကွင်းလယ်လူသစ် ၂ ဦးနဲ့ ခံစစ်မှူး ၁ ဦး ခေါ်ယူလိုနေကြောင်းကို စကိုင်းစပေါ့ကနေ ဖော်ပြသွားပါတယ်။ ဒါကြောင့် လူသစ် ၃ ဦး ရလိုနေတာက အမှန်တကယ်ဖြစ်ပြီး ကြိုးစားမှုကတော့ နှေးကွေးနေတာ ဖြစ်ပါတယ်။

နောက်ဆုံးအားဖြင့် အပြောင်းအရွှေ့ ကိစ္စတွေမှာ လူတိုင်း အမြဲ စောင့်ကြည့်နေကြတဲ့ ရိုမန်နိုကလည်း သူ့ရဲ့ HERE WE GO podcast ကနေ လီဗာပူးအသင်းက ကွင်းလယ်လူ ၂ ဦးနဲ့ ခံစစ်မှူး ၁ ဦး ခေါ်ယူလိုနေကြောင်း မနေ့ကပဲ ဖော်ထုတ်သွားပါတယ်။