

ဒီရက်ပိုင်းမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ သူ့လူစာရင်းနဲ့ ပတ်သက်ပြီး မကျေနပ်သေးကြောင်း ပြောဆိုမှုဟာ လီဗာပူးပရိသတ်တွေကြားမှာ အတော်လေး ပြောစရာ ဖြစ်လာခဲ့ပါတယ်။
မန်စီးတီးဟာ လိုက်ဇစ်အသင်းမှ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူး ဂါဗာဒီအောကို ပေါင် ၇၈ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပါပြီ။ ဂါဗာဒီအောကို ခေါ်ယူဖို့ လီဗာပူးအသင်းကလည်း ပစ်မှတ်ထားခဲ့သေးပေမယ့်လို့ သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးကို မတတ်နိုင်ခဲ့တာပါ။
ဂါဗာဒီအောကိုရအပြီးမှာ မန်စီးတီးခံစစ်က ခံစစ်မှူး ၆ ဦးထိ ရှိနေပါပြီ။ ဒါကို ဂွာဒီယိုလာက ” ဘောလုံးရာသီက အရှည်ကြီးပါ။ ခံစစ်မှူး ၆ ဦးရှိတာက များတယ်လို့ ပြောလို့ မရပါဘူး ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး ခံစစ်မှာတော့ ဒီယက်စ်၊ အကီ၊ အခန်ဂျီ၊ လာပေါ့၊ ဂျွန်စတုန်းနဲ့ ဂါဗာဒီအော ဆိုပြီး ခံစစ်မှူး ၆ ဦးထိ ရှိနေကာ အားလုံးက ၂၉ နှစ်အောက်တွေ ဖြစ်ကြပါတယ်။
လီဗာပူးအသင်းမှာတော့ ခံစစ်မှူးတွေအဖြစ် ဗန်ဒိုက်၊ ကိုနတေး၊ မာတစ်၊ ဂိုးမက်စ်နဲ့ နက်ဖီးလစ်တို့ ရှိနေတာပါ။ သူတို့ထဲမှာ ဗန်ဒိုက်နဲ့ မာတစ်က ၃၂ နှစ် ကျော်လာပြီဖြစ်ကာ နက်ဖီးလစ်ကိုတော့ ဒီနွေမှာ ရောင်းချသွားမှာမို့ ၄ ဦးပဲ ကျန်ရှိမယ့် အခြေအနေ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူရေးကို အေးအေးဆေးဆေး ဖြစ်နေခဲ့ပြီး အခုချိန်ထိ ကမ်းလှမ်းမှု ဝင်မယ့် အရိပ်အယောင် မမြင်ရသေးပါဘူး။
ဂွာဒီယိုလာက ခံစစ်မှူး ၆ ကိုတောင် မတင်းတိမ်နိုင်သေးချိန် လီဗာပူးက နက်ဖီးလစ်ကိုပါ လျော့ချဦးမှာမို့ ရည်ရွယ်ချက်ကြီး မရှိမှုအပေါ် ပရိသတ်တွေက ဝေဖန် ထောက်ပြလာနေကြပြီ ဖြစ်ပါတယ်။