ဒီအပတ် တနင်္ဂနွေနေ့ ည ၁၀ နာရီမှာတော့ လီဗာပူးအသင်းဟာ စတမ်းဖိုဒ့်ဘရစ်ချ်ကို သွားပြီး ချယ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် မနက်ဖြန်ညမှာ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲ ရှိမှာဖြစ်ပါတယ်။
ကွင်းလယ်နဲ့ ပတ်သက်ပြီး နောက်ဆုံးရထားတဲ့ အခြေအနေတွေကို ဖော်ပြသွားပါမယ်။
သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ လေ့ကျင့်ရေးဝင်
ပြီးခဲ့တဲ့ ပိတ်ရက်မှာပဲ ကလပ်ရဲ့ ကွင်းလယ် အတွင်းလူ ၂ ဦးဖြစ်တဲ့ သီယာဂို၊ ဘာ့ဆီတစ်တို့ အသင်းနဲ့အတူ လေ့ကျင့်ရေး အပြည့် ပြန်ဝင်ခဲ့ပါတယ်။ စင်္ကာပူ ခရီးစဉ်မှာ သူတို့ နှစ်ဦးကို ချန်ထားခဲ့တာကလည်း အခုလို လေ့ကျင့်ရေး ဝင်နိုင်ဖို့ ကြံ့ခိုင်မှု ကောင်းနေအောင် ရည်ရွယ်ချက်နဲ့ပါပဲ။
မနက်ဖြန် ယှဉ်ပြိုင်မယ့် SV Darmstadt နဲ့ပွဲမှာ သူတို့ နှစ်ဦး ပွဲကစားခွင့်ရမယ်တော့ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့်လို့ မနှစ်က ဘောလုံးရာသီမှာ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် လူစာရင်းကနေ ဖယ်ထုတ်ခံထားရတဲ့ ကွင်းလယ်လူ နှစ်ဦးဟာ ဘောလုံး ပြန်ကစားနေပါပြီ။
လာဗီယာအတွက် အရေးပါတဲ့ သီတင်းပတ်
လီဗာပူးအသင်းဟာ ဆောက်သမ်တန်ရဲ့ လာဗီယာအတွက် ပေါင် သန်း ၅၀ တောင်းဆိုမှုကို သဘောမကျပါဘူး။ ဒါပေမယ့် ပေါင် ၄၁ သန်းထက် ပိုကောင်းတဲ့ တတိယမြောက် ကမ်းလှမ်းမှု ဝင်မယ့် သဘောထား ပြသလာပါတယ်။ ဆောက်သမ်တန်က သူတို့ရဲ့ အဖွင့်ပွဲမှာ လာဗီယာကို ထည့်မသုံးခဲ့ပါဘူး။
ဘယ်ဂျီယံ ကွင်းလယ်လူကို ခေါ်ယူနိုင်ခဲ့ရင်တောင် ချယ်ဆီးနဲ့ပွဲမှာ ပါဝင်ခွင့်ပေးဖွယ် မရှိပါဘူး။ ဒါပေမယ့် ဘောလုံးရာသီက အရှည်ကြီးဖြစ်ပြီး ကွင်းလယ် အတွင်းလူ နေရာမှာ လူသစ် လိုအပ်နေတာ သေချာပါတယ်။
အန်ဒရီကို ချန်လှပ်တဲ့ ဖလူမီးနက်စ်
ဘရာဇီး အဆင့်မြင့်တန်းလိဂ်ဖြစ်တဲ့ စီးရီးအေမှာတော့ ဖလူမီးနက်စ်က တတိယနေရာကို တက်လှမ်းသွားပါပြီ။ အခုဆိုရင် ဒုတိယနေရာက ဖလာမင်ဂိုနဲ့ ရမှတ်တူနေတဲ့ အခြေအနေပါ။ ဘရာဇီးကလပ်ဟာ လီဗာပူးနဲ့ သတင်းထွက်နေတဲ့ အန်ဒရီကို သူတို့ရဲ့ အရေးပါတဲ့ ပွဲစဉ်မှာ ထည့်သုံးခဲ့ခြင်း မရှိပါဘူး။
လီဗာပူးက အန်ဒရီကို ဒီနွေစျေးကွက်မှာ အရခေါ်လိုပြီး ဖလူမီးနက်စ်က ဇန်နဝါရီမှာ လက်လွတ်လိုခြင်း ဖြစ်ပါတယ်။ အပြောင်းအလဲ တစ်ခုခု မြင်လာရမလား စောင့်ကြည့်ရမယ့် သီတင်းပတ် ဖြစ်ပါတယ်။