

ဒီမနက်ပိုင်းမှာ ဆာလာကို ဆော်ဒီကလပ် Al-Ittihad အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း ကိစ္စဟာ အာရပ်ဒေသတွင်း သတင်းတွေမှာ အတော်လေး ဖော်ပြခံလာရပါတယ်။
ဖာဘင်ညို၊ ကန်တေနဲ့ ဘန်ဇီမာတို့ကို ခေါ်ယူထားတဲ့ Al-Ittihad အသင်းဟာ ပေါင် ၁၅၅ သန်း တန်ကြေးရှိတဲ့ ၂ နှစ် စာချုပ်ဖြင့် ဆာလာကို ချိတ်ဆက်နေခဲ့တာပါ။ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ လီဗာပူးအသင်းကိုတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့် ကမ်းလှမ်းမယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်း အားကစားသတင်းထောက်တွေ အပြင် အမည်မဖော်ပြတဲ့ ဆာလာနဲ့ ရင်းနှီးသူတစ်ဦးက ပြောရာမှာ ဆော်ဒီကလပ်ဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပေမယ့် လီဗာပူးအသင်းမှာ ၂၀၂၅ ခုနှစ် နွေထိ စာချုပ်ရှိထားတဲ့ ဆာလာက အန်ဖီးအတွက်ပဲ ဆက်ကစားဖို့ ဆုံးဖြတ်ထားပါတယ်။
ဆာလာရဲ့ အေးဂျင့်ဖြစ်သူ Ramy Abbas ကလည်း ဆာလာ အသင်းပြောင်းဖို့ မရှိဘူးလို့ ပြောလာခဲ့ပါတယ်။ သူကပဲ “ ကျနော်တို့ လီဗာပူးကနေ ထွက်ဖို့ စဉ်းစားမယ်ဆိုရင် မနှစ်ကနွေမှာ စာချုပ်သစ် လက်မှတ်ထိုးမှာကို မဟုတ်ပါဘူး။ ဆာလာက လီဗာပူးမှာ ဆက်နေဖို့ကို စိတ်ပိုင်းဖြတ်ထားပါတယ် ” လို့ တွစ်တာကနေ ဖြေရှင်းခဲ့တယ်။
ဆော်ဒီပရိုလိဂ်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်ကတော့ သူတို့ဟာ အာရပ်ကမ္ဘာမှာ ဟီးရိုးတစ်ဦးလို ထင်ရှားလှတဲ့ လီဗာပူးတိုက်စစ်သမား ဆာလာကို အနာဂတ်မှာ ခေါ်ယူသွားမှာပါလို့ ထုတ်ပြောထားပြီးပါပြီ။
Saudi Pro League တာဝန်ရှိသူ Hafez Al-Medlej က “ မိုဆာလာကို လက်မှတ်ထိုးဖို့ ကျနော်တို့ စတင် ကြိုးစားနေပါပြီ။ အာရပ်ကမ္ဘာမှာကော ဥရောပမှာပါ သူက အရမ်းကို ကျော်ကြားနေပါတယ်။
ဆာလာက လီဗာပူးမှာပဲ စံချိန်တွေကို ဆက်ချိုးလိုနေဦးမှာ ဖြစ်တာမို့ လက်တလော မခေါ်နိုင်သေးဘူး ဆိုပေမယ့် အနာဂတ်မှာ သူ့ကို ခေါ်ယူသွားမှာပါ ” လို့ ဇွန်လတုန်းက အင်တာဗျူးမှာ ထုတ်ပြောထားခဲ့တာ ဖြစ်ပါတယ်။