

၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် လီဗာပူးရဲ့ ရည်မှန်းချက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးဖြစ်ကြောင်း ထရန့်က ထုတ်ပြောလာခဲ့ပါတယ်။
ကလော့ပ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံ ဝင်ခွင့် လွဲချော်ထားတဲ့ လီဗာပူးဟာ ဒီရာသီမှာ ယူရိုပါလိဂ်မှာပဲ ပါဝင်ယှဉ်ပြိုင်ရမှာပါ။ ဒီပြိုင်ပွဲကို အနိုင်ရဖို့ ရေပန်းစား အသင်းတွေထဲမှာ လီဗာပူး ပါဝင်နေသလို ချန်ပီယံလိဂ်ကို လွဲချော်ခြင်းဟာ အခြားသော ပြိုင်ပွဲတွေကို ပိုမို အာရုံစိုက်ခွင့်ရလာစေမှာပါ။
ထရန့်ကတော့ ဒီရာသီကို အခွင့်အရေးအဖြစ် မြင်ထားပြီး ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ အာရုံစိုက်မယ်လို့ Independent နဲ့ အင်တာဗျူးမှာ ထုတ်ပြောလာခဲ့တယ်။
ထရန့်က ပြောရာမှာ “ ချန်ပီယံလိဂ် မကစားရတာက ပရီးမီးယားလိဂ်ကို အများကြီး ပိုအာရုံစိုက်စေပါတယ်။ ကျနော်တို့ ကိုယ်ပြိုင်ရမယ့် ပြိုင်ပွဲတွေအပေါ် အများကြီး လေးစားမှုရှိပါတယ်။ ပြိုင်ပွဲတိုင်းကို အနိုင်ရချင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ကျနော်တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ ဖြစ်ပါတယ်။
ယူရိုပါလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ရတာက ပရီးမီးယားလိဂ်ကို အာရုံစိုက်ဖို့ အခွင့်အရေးကောင်းပါပဲ။ ကျနော်တို့ အဆင့် ၂၊ အဆင့် ၃ နေရာတွေမှာ ရပ်တည်ပြီး လူစာရင်း တည်ဆောက်ဖို့ မဟုတ်ပါဘူး။ ကျနော်တို့ အသင်းဟာ အောင်နိုင်သူတွေ ပြည့်နေတဲ့ အသင်းပဲဖြစ်ပါတယ်။
ကျနော်တို့ ဘယ်လို အနိုင်ယူရမယ်ဆိုတာ သိပါတယ်။ ကျနော်တို့မှာ အောင်မြင်ဖူးတဲ့ အစဉ်အလာနဲ့ မန်နေဂျာ ရှိပါတယ်။ ဒါက ကောင်းတဲ့ ဖိအားပါပဲ။ နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားမှာပါ။ ကျနော်တို့က ပရီးမီးယားလိဂ် အောင်မြင်ဖူးတဲ့ အသင်း ဖြစ်ပါတယ် ” လို့ ဖြေကြာခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင် နှစ်ဦးကိုပဲ ခေါ်ယူထားပြီး ဘရတ်ဒလေနဲ့ ကွမ်းဆက်တို့လို လူငယ်တွေကို စီနီယာအဆင့်ထံ ခေါ်ယူဖွယ် ရှိပါတယ်။ နောက်ထပ် ပစ်မှတ်တွေအဖြစ် ဆောက်သမ်တန်မှ လာဗီယာနဲ့ ဖလူမီနက်စ်မှ အန်ဒရီတို့ကို ချိတ်ဆက်နေတာပဲ ဖြစ်ပါတယ်။