အမှတ်ပြည့်ရတဲ့ မာကာ၊ လာဗီယာအတွက် စတုတ္ထမြောက် ကမ်းလှမ်းဖို့ ပြင်ဆင်ခြင်း၊ ချယ်ဆီးပွဲအတွက် သီးသန့် ကစားကွက် ထုတ်သုံးဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ရာသီကြို နောက်ဆုံးသော ခြေစမ်းပွဲဖြစ်တဲ့ Darmstadt နဲ့ပွဲမှာ လီဗာပူးအသင်းဟာ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

မနက်ကပွဲမှာ ဗန်ဒိုက်က မိနစ် ၆၀ မှာ လူစားလဲခံခဲ့ရတာကြောင့် ထရန့်ဟာ ၁၄ မိနစ်ကြာ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ရယူခဲ့ပါတယ်။

အသင်းက ကိုယ်သွင်းရမယ့် ဂိုးတွေ မသွင်းနိုင်သေးသလို မပေးသင့်တဲ့ ဂိုးတွေကို အမှားလုပ်မိနေတာမျိုး ရှောင်ရှာနိုင်ဖို့ လိုအပ်နေပြီလို့ ကလော့ပ်က သတိပေးပါတယ်။

မာကာက သူဟာ ကွင်းလယ် နေရာစုံမှာ အံဝင်သူဖြစ်ကြောင်း သက်သေပြခဲ့ပြီး Darmstadt နဲ့ပွဲမှ ပရိသတ်တွေ အကြိုက်ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

လီဗာပူးအသင်း တိုက်စစ်သမားတွေအတွင်း နေရာပြိုင်ဆိုင်မှုဟာ မျှော်လင့်ထားတာထက် ပြင်းထန်လာဖွယ် ရှိနေပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ကစားသမားတွေထဲ ခြေစွမ်း အပြနိုင်ဆုံးက ညာတောင်ပံသမား ဗန်ဒုတ်ဖြစ်ပါတယ်။

ရာသီတစ်ခုလုံးမှာ သုံးမယ့် လူစာရင်း မဟုတ်ဘဲ ချယ်ဆီးပွဲအတွက် ယာယီ လူစာရင်း တစ်ခု ရှာဖွေသွားဖို့ လိုအပ်ကြောင်း ကလော့ပ်က ထုတ်ပြောလာပါတယ်။ ဒီနောက်ဆုံးပွဲမှာ ထုတ်ခဲ့တဲ့ လူစာရင်းဟာ ချယ်ဆီးပွဲအတွက် ဖြစ်လာနိုင်ပါတယ်။

ရော်ဘတ်ဆန်ဟာ ကွင်းထဲက နေရာတိုင်းမှာ ကစားနိုင်မယ့်သူလို့ ပရိသတ်တွေက သံသယမရှိပေမယ့်လို့ ဘယ်ခြမ်း ခံစစ်မှူး နေရာမှာတော့ စကော့သားကြီး ဆက်တိုက် ရုန်းကန်နေရတယ်လို့ ထောက်ပြလာနေကြပါတယ်။

အသင်းရဲ့ ခံစစ်ဟာ ယိုပေါက် သိပ်များလွန်းတယ်လို့ သိသိသာသာ မြင်နိုင်ခြင်းနဲ့အတူ မနှစ်ကလိုပဲ ခံစစ်အားနည်းမှုကနေ ရလဒ်ထိခိုက်မှာကို ပရိသတ်တွေက စိုးရိမ်တကြီး ထောက်ပြလာပါတယ်။

လာဗီယာအတွက် ပေါင် ၄၅ သန်းတန် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့်လို့ လီဗာပူးအသင်းဘက်က စတုတ္ထမြောက် ချိတ်ဆက်မှု ပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။

အတိတ်က စျေးကွက်တွေမှာ အပြောင်းအရွှေ့တွေကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ အမြန် အပြီးသတ်နိုင်သလောက် ဒီရာသီမှာ လာဗီယာ တစ်ဦးထဲကို ခြေချုပ်မိနေတဲ့ လီဗာပူးရဲ့ စီမံမှုတွေက ရှက်ဖို့ကောင်းတယ်လို့ ကာရေဂါက ဝေဖန်လိုက်ပါတယ်။