တိုက်စစ် မြိုင်မြိုင် ခံစစ်က လျော့ရဲရဲ၊ နံပါတ် ၆ နေရာ ပွဲထွက်တဲ့ မာကာ၊ တည်ကန်ဘောတွေ ထူးချွန်ခြင်းနဲ့ ဒမ်းစတတ်ကို နိုင်တဲ့ပွဲမှ ပြောစရာများ

လီဗာပူးအသင်းရဲ့ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲဖြစ်တဲ့ Darmstadt နဲ့ပွဲဟာ ၃-၁ ရလဒ်ဖြင့် ပြီးစီးခဲ့ပါတယ်။ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်တို့ ဂိုးတွေ သွင်းခဲ့ကြကာ လူစားလဲမှုတွေနဲ့အတူ လူစုံထုတ်ခဲ့ပါတယ်။ ဒီပွဲမှာ ပြောစရာလေး နည်းနည်းရှိပါတယ်။

တိုက်စစ်က မြိုင်မြိုင် ခံစစ်က လျော့ရဲရဲ

ပထမပိုင်းမှာ ၈ မိနစ်အတွင်း ၂ ဂိုးကို ခပ်မြန်မြန် သွင်းယူပြီး မိနစ်ပိုင်းမှာပဲ ခံစစ် ဟာကွက်ကနေ ခြေပဂိုး တစ်ဂိုး ပြန်ပေးလိုက်ရတာဟာ ဒီရာသီမှာ ဆက်တိုက် မြင်ရမယ့် လီဗာပူးရဲ့ ပုံစံပါပဲ။ တိုက်စစ်က ထက်မြက်သလောက် ခံစစ်ကာကွယ်ပုံဟာ မကြာခဏ အမှားတွေ ရှိခဲ့ပါတယ်။

ဆိုဘိုစလိုင်နဲ့တကွ အသင်းဖော်တွေဟာ သွင်းဂိုးရသင့်တဲ့ အခြေအနေ အချို့မှာ ဂိုးမရခဲ့ပါဘူး။ ခံစစ်ကလည်း ပေးဂိုး ဒီထက် များလောက်အောင် အမှားတွေ လုပ်ခဲ့မိပေမယ့် အယ်လီဆန်နဲ့ ခံစစ်ပိုင်း ဦးအောင် ရှင်းထုတ်နိုင်မှုတွေကြောင့် ၁ ဂိုးတည်း ပေးခဲ့ရတာပါ။ အသင်းဟာ စုဖွဲ့မှု ပိုကျစ်လစ်ဖို့နဲ့ အာရုံစူးစိုက်မှု ပိုကောင်းဖို့ လိုအပ်နေပါတယ်။

ကမ္ဘာ့အဆင့် ကွင်းလယ်လူ မက်ကယ်လစ္စတာ

လီဗာပူးအသင်းမှာ အလိုအပ်ဆုံး ကွင်းလယ်လူက ခံစစ်ပိုင်း ကာကွယ်ဖို့ဆိုတဲ့ တာဝန်ကို ရယူပေးမယ့် ကွင်းလယ်လူ တစ်ဦးပါပဲ။ အဲ့အတွက် ခေါ်ယူနိုင်ခြင်း မရှိသေးပေမယ့် မက်ကယ်လစ္စတာဟာ ကလော့ပ်ရဲ့ စနစ် အသက်ဝင်နေဖို့ ကွင်းလယ် အတွင်းလူ တာဝန်ကို ရယူခဲ့ပါတယ်။

မက်ကယ်လစ္စတာဟာ ကွင်းလယ်နဲ့ ခံစစ်၊ ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်ဖို့ရာ တာဝန်ယူခဲ့ပြီး ဒီရာသီ လီဗာပူးမှာ တောက်ပမယ့် ကစားသမားဖြစ်ကြောင်း မတူညီတဲ့ နေရာကနေ ထပ်မံ သက်သေပြခဲ့ပါတယ်။ စင်္ကာပူ ခရီးစဉ်မှာ ဒူးဒဏ်ရာ ရခဲ့လို့ စိတ်ပူခဲ့ရပေမယ့် ပြင်းထန်ခြင်း မရှိတာက ဝမ်းသာဖို့ ကောင်းပါတယ်။

High line ခံစစ် ဖောက်ထွက်ခံရခြင်း

ဒီရာသီကြိုမှာ လီဗာပူးအသင်း ပေးလိုက်ရတဲ့ ပေးဂိုး အတော်များများက ခံစစ်လိုင်း မြင့်မြင့်ထားခြင်း အခြေအနေမှာ ပြိုင်ဘက်တွေက ဖောက်ထွက် ဂိုးရယူသွားခြင်း ဖြစ်ပါတယ်။ ဒါကို ကွင်းလယ်ခံစစ်သမားနဲ့တင် ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ စနစ်ကို ပိုကျစ်လစ်အောင် စီမံဖို့ လိုအပ်ပါတယ်။

ခံစစ်ကို High line ထားတာဟာ ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ကစားအားကို ချွေတာနိုင်တယ်၊ ဘောလုံးပိုင်ဆိုင်မှုရထားချိန် အနီးပေးတွေကို ခပ်မြန်မြန်ပေးနိုင်တယ်။ ခံစစ်ကနေ ကစားကွက် တည်ဆောက်ပြီး တိုက်စစ်အတွက် အမြန်ဆုံး အခွင့်အရေး ဖန်တီးပေးနိုင်ပါတယ်။ ပိုင်ဆိုင်မှု ဆုံးရှုံးချိန် ဖိအားပေးမှုနဲ့ ဘောလုံး အမြန်လုယူနိုင်ဖို့ လွယ်ကူစေတယ်။

ဒါပေမယ့်လို့ ကောင်တာ အခြေအနေတွေမှာ ပြိုင်ဘက်ရဲ့ အပြေးသမားထက် ပိုမြန်မြန် နေရာလွတ်ပိတ်နိုင်ဖို့ လိုအပ်သလို ခံစစ် စုဖွဲ့မှု စနစ်ကျဖို့ လိုပါတယ်။ လက်ရှိ လီဗာပူးအသင်း ကစားဟန်မှာ ဘောလုံးပိုင်ဆိုင်ချိန် ထရန့်ကို အတွင်းဝင်စေတာမို့ ခံစစ်သမား ၃ ယောက်ကြား နေရာလွတ် အကျယ်ကြီး ဖြစ်နေပြီး ပြိုင်ဘက်က ပိုမို ပြေးလွှား လုပ်ရှားနေတာပါ။

တည်ကန်ဘောတွေ အလုပ်ဖြစ်လာခြင်း

လီဗာပူးရဲ့ အားသာချက်တွေထဲက တစ်ခုကတော့ တည်ကန်ဘောကနေ အခွင့်အရေး ယူနိုင်စွမ်း မြင့်မားသလို တည်ကန်ဘော ကာကွယ်မှု ကောင်းမွန်တာပါပဲ။ ရာသီကြိုမှာတော့ အသင်းက တည်ကန်ဘောတွေကနေ ဂိုး အတော်များများ ရယူနိုင်နေပါတယ်။

ထောင့်ကန်ဘောတွေမှာ ထရန့်ဖြစ်စေ ဆိုဘိုစလိုင်၊ ရော်ဘတ်ဆန် ဖြစ်စေ ဘောလုံးပေးမှုတွေက အတော်လေး သပ်ရပ် တိကျမှု ရှိပါတယ်။