

ဆောက်သမ်တန်အသင်းဟာ ကာရာဘောင်းပွဲကြို သူတို့အသင်း လေ့ကျင့်ရေးမှာ လာဗီယာကို ဖယ်ထုတ်ထားခဲ့သလို ဒီညမှာ ယှဥ်ပြိုင်ရမယ့် ပွဲနေ့ လူစာရင်းကနေပါ ဖယ်ထုတ်လိုက်ပါပြီ။
မနေ့ကပဲ လာဗီယာအတွက် လီဗာပူးရဲ့ ထပ်တိုးကြေးအပါ ပေါင် ၄၅ သန်းဖြင့် ကမ်းလှမ်းမှုကို ဆောက်သမ်တန်ဘက်က ပယ်ချသွားပေမယ့် ကလပ် နှစ်သင်းဟာ ကွင်းလယ်လူရဲ့ အပြောင်းအရွှေ့ ကိစ္စကို ဆက်လက် စကားပြောနေခဲ့တယ်လို့ သိထားရတယ်။
ဘယ်ဂျီယံ သတင်းထောက် Sacha Tavolieri က ” ရိုမီယို လာဗီယာဟာ ဒီနေ့ ယှဉ်ပြိုင်ကစားမယ့် စိန့်အသင်းရဲ့ ကာရာဘောင်းပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။
လာဗီယာဟာ ဒီမနက်က အသင်းလိုက် လေ့ကျင့်ရေးမှာလည်း မပါခဲ့ပါဘူး။ ကစားသမားဘက်ကတော့ လီဗာပူးနဲ့ ဆောက်သမ်တန်ကြား သဘောတူညီမှု အမြန်ရဖို့ ကြိုးစားနေပါပြီ ” လို့ ဖော်ပြခဲ့ပါတယ်။
အကယ်လို့ ကာရာဘောင်းပွဲမှာ လာဗီယာကို ဆောက်သမ်တန်တို့ ထုတ်သုံးခဲ့ရင် EFL Cup ရဲ့ စည်းမျဉ်းအရ သူဟာ အခြားသော ကလပ်နဲ့ ဖလားပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ လီဗာပူးနဲ့ ဆွေးနွေးနေစဉ်မှာ ပြိုင်ပွဲ လူစာရင်းကနေ ဖယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်ဂျီယံ ကွင်းလယ်လူကို ခေါ်ယူနိုင်ခဲ့ရင်တောင် ချယ်ဆီးနဲ့ပွဲမှာ ပါဝင်ခွင့်ပေးဖွယ် မရှိပါဘူး။ ဒါပေမယ့် ဘောလုံးရာသီက အရှည်ကြီးဖြစ်ပြီး ကွင်းလယ် အတွင်းလူ နေရာမှာ လူသစ် လိုအပ်နေတာ သေချာပါတယ်။