

ဆော်ဒီပရိုလိဂ် ထိပ်တန်းကလပ် တစ်သင်းဖြစ်တဲ့ Al-Ittihad က ခေါ်ယူလိုကြောင်း သတင်းထွက်နေသူ ဆာလာကို လီဗာပူးမှာပဲ ဆုဖလားတွေ ဆက်လက် အောင်မြင်အောင် ကြိုးစားဖို့ စတီဗင်ဂျရတ်က တိုက်တွန်းလိုက်ပါတယ်။
ဆော်ဒီကလပ် Al Ettifaq အသင်းနည်းပြ ဂျရတ်က ဖာမင်နို၊ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့လို ဆာလာလည်း အရှေ့အလယ်ပိုင်းထံ ပြောင်းလာမှာကို မြင်လိုခြင်း မရှိပါဘူး။ ဂျရတ်ကတော့ ဆာလာကို သူမြတ်နိုးရတဲ့ လီဗာပူးမှာ အောင်မြင်မှုတွေ အတွက် ဆက်လက် တိုက်ပွဲဝင်ပေးမှာကို မြင်လိုနေပါတယ်။
ဆော်ဒီလိဂ်မှာ ဆာလာကို မြင်လိုလားလို့ မေးခံရချိန်မှာ “ ဟား ဟား။ နိုးပါဗျာ.. နိုးပါ။ ကျနော် အဖြေကတော့ မမြင်ချင်ပါဘူး။ ဆာလာက ကျနော် အကြိုက်ဆုံး ကစားသမားလေ။ ကျနော် လီဗာပူးအသင်းကို မြတ်နိုးပါတယ်။ ဒီတော့ ဆာလာက လီဗာပူးမှာပဲ ဆက်နေသင့်တာပေါ့။
လီဗာပူးနဲ့အတူ သူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ အများကြီး ထပ်နိုင်ပြီးမှ ဆော်ဒီလိဂ်ထံ ပြောင်းလာဖို့ ကိစ္စ စဉ်းစားရင် စဉ်းစားပါစေဗျာ ” ဆိုပြီး စတီဗင်ဂျရတ်က ဖြေဆိုခဲ့တာပါ။
စတီဗင်ဂျရတ်ရဲ့ အသင်းဟာ ဟန်ဒါဆန်ကို ဒီနွေမှာ လီဗာပူးကနေ ဆော်ဒီပရိုလိဂ်ထံ ပေါင် ၁၂ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။ ဟန်ဒါဆန်ကို ဆော်ဒီလိဂ်ထံ လာကစားရေး သွေးဆောင်ဖို့ သူကိုယ်တိုင်က ကြိုးစားပေးခဲ့တာလို့ ဂျရတ်က ဝန်ခံခဲ့ပါသေးတယ်။
“ ဟန်ဒါဆန်ကို ခေါ်ယူရေးမှာ အသင်း ဘုတ်အဖွဲ့နဲ့တကွ အားလုံး ပါဝင်ခဲ့တယ်လို့ ပြောရပါမယ်။ ဝန်ကြီးကပါ လိဂ်ပြိုင်ပွဲကို အများကြီး ထောက်ပံ့ပေးပါတယ်။ ဟန်ဒါဆန်ကို ဒီကို ခေါ်ယူနိုင်ဖို့ကောပေါ့။
ဟန်ဒါဆန်ကလည်း စိန်ခေါ်မှု အသစ်ကို စောင့်မျှော်နေပါတယ်။ သူက နှစ်အကြာကြီး ကောင်းကောင်းကစားနိုင်ဆဲပါ။ ကွင်းထဲမှာ နည်းပြတစ်ယောက်လို လမ်းညွှန်ပေးနိုင်မယ့်သူ၊ ဦးဆောင်ပေးနိုင်မယ့်သူ၊ တကယ့် ထိပ်တန်း ခေါင်းဆောင် တစ်ယောက်ကို ကျနော်တို့ လိုချင်တာပါ။
ဂျော်ဒန်ဟာ ဒီက လူငယ်တွေအတွက် စံပြတစ်ဦး ဖြစ်လာပါလိမ့်မယ် ” လို့ ဂျရတ်က ဆိုသွားခဲ့ပါတယ်။