အသင်းပြောင်းလိုတဲ့ လာဗီယာ၊ လုံးဝ အသင်းမပြောင်းလို့ ဆာလာရဲ့ အေးဂျင့် ထပ်ပြောလာ၊ အန်ဒရီက ပလန်အေ ဆိုတဲ့ ဘရာဇီးသတင်းဌာနနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

ရိုမီယို လာဗီယာဟာ လီဗာပူးအသင်းထံ ပြောင်းရွှေ့လိုကြောင်း သူ့ရဲ့ ဆန္ဒအား ဆောက်သမ်တန်အသင်းထံ ပြသခဲ့ပါတယ်။ လီဗာပူးဘက်က နောက်တစ်ကြိမ် ကမ်းလှမ်းခြင်းဟာ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ် ရှိပါတယ်။

ဆာလာက လီဗာပူးမှာပဲ ဆက်နေချင်ကြောင်း အေးဂျင့် Ray Abbas က ထုတ်ပြောလာပြီး သူကိုယ်တိုင်ကော ကစားသမားကပါ အပြောင်းအရွှေ့ ကိစ္စ လုံးဝ စကားမပြောပါဘူးလို့ ဒုတိယအကြိမ် ဖြေရှင်းလာပါတယ်။

ဘရာဇီးသတင်းတွေမှာတော့ လီဗာပူးဟာ လာဗီယာကို ခေါ်ယူမှာဖြစ်ပြီး အန်ဒရီကို ဘလန်ဘီအဖြစ် လျာထားခြင်း မဟုတ်ဘဲ နောက်ထပ် ကွင်းလယ်လူအဖြစ် ခေါ်ယူလိုနေတာလို့ ဖော်ပြပါတယ်။

ပရိသတ်တွေဘက်က စိုးရိမ်မှုတွေ ပြည့်နေတာကို နားလည်ပါကြောင်း ဗန်ဒိုက်က ထုတ်ပြောလာပြီး အသင်းအဝတ်လဲခန်းကတော့ ဒီရာသီ အောင်မြင်အောင် လုပ်နိုင်မယ် ယုံကြည်ချက် အပြည့်ရှိတယ်လို့ အသိပေးခဲ့ပါတယ်။

” ကြိုးစားရင်တော့ ဂုဏ်သိက္ခာရှိရှိ အောင်မြင်မှာပဲ၊ ဘောလုံးသမားတိုင်းမှာ ချန်ပီယံလိဂ် မကစားချင်တဲ့သူ ဘယ်သူရှိမှာလဲ။ လီဗာပူးလို အသင်းက ကမ်းလှမ်းလာမှတော့ ဒီအသင်းနဲ့အတူ ချန်ပီယံလိဂ်အတွက် ကြိုးစားရမှာပေါ့ ” လို့ ဆိုဘိုစလိုင်က ဟန်ဂေရီ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောလာပါတယ်။

စတမ်းဖိုဒ့်ဘရစ်ချ်မှာ ယှဉ်ပြိုင်မယ့် ချယ်ဆီးနဲ့ လီဗာပူးပွဲကို ကွင်းလယ်ဒိုင်အဖြစ် အန်တိုနီ တေလာက ကိုင်တွယ်မှာ ဖြစ်ပါတယ်။

ညာတောင်ပံလူ ဗန်ဒုတ်ဟာ လီဗာပူးကို ရောက်လာတာ ၂ ရာသီ မပြည့်သေးတာကြောင့် ဥရောပစည်းမျဉ်းအရ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ယူ-၂၁ ကစားသမားအဖြစ် ပါဝင်ခွင့်ရမှာ မဟုတ်ဘဲ စီနီယာ ၂၅ ဦးထဲကပဲ ပါခွင့်ရမှာပါ။

ချယ်ဆီး တိုက်စစ်သမား အန်ကွန်းကူဟာ ဒူးဒဏ်ရာကြောင့် ၃-၄ လခန့် အနားယူရမှာဖြစ်ပြီး လီဗာပူးနဲ့ပွဲကို လွဲချော်ပါမယ်။