

တချိန်က လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ခဲ့တဲ့ ဟန်ဒါဆန်နဲ့ မာနေးတို့ဟာ ဒီနွေမှာတော့ ဆော်ဒီပရိုလိဂ်မှာ ပြိုင်ဘက်အသင်းတွေရဲ့ အဓိက ကစားသမားတွေ ဖြစ်လာခဲ့ပါပြီ။
တချိန်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ အောင်မြင်ရေး အတူကြိုးစားခဲ့တဲ့ သူတို့လို ကစားသမားတွေဟာ ဒီနွေမှာတော့ တူညီစွာပဲ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။
မနှစ်ကနွေမှာ လီဗာပူးအသင်းကနေ ဘိုင်ယန်မြူးနစ်ထံ ထွက်ခွာသွားတဲ့ မာနေးဟာ ဒဏ်ရာ ပြဿနာတွေ၊ ခြေစွမ်း ကျဆင်းမှုတွေနဲ့အတူ ဒီနွေမှာ ရောင်းထုတ်ခံခဲ့ရတာပါ။ ဟန်ဒါဆန်ကတော့ သူ့ဘဝရဲ့ စိန်ခေါ်မှုအသစ်အတွက် လီဗာပူးကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် စတင်လာခြင်း မရှိသေးပေမယ့် ဒီနွေမှာ ခေါ်ယူမှုကြီးတွေ လုပ်ထားတာမို့ အားလုံးက ဒီပြိုင်ပွဲကို စောင့်ကြည့်နေကြပါပြီ။ တနင်္လာနေ့တုန်းက ဆော်ဒီလိဂ်ဟာ သူတို့ရဲ့ စတားကစားသမားတွေကို နေ့ခင်းပါတီ တစ်ခုဖြင့် ဧည့်ခံမှု လုပ်ခဲ့ရာမှာ ဟန်ဒါဆန်နဲ့ မာနေးတို့ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။
တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ခဲ့ကြပြီး မာနေးဟာ သူ့ရဲ့ အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ အစိမ်းရောင် ဂျာစီကို ဝတ်ဆင်ထားတာကို ထူးဆန်းနေတဲ့ ပုံစံဖြင့် သေချာလေး ကြည့်နေပြီးမှ ” ငါတော့ မယုံနိုင်အောင် ဖြစ်နေရတယ် ” လို့ ပြောဆိုခဲ့တာပါ။ သူတို့ နှစ်ဦးဟာ အချင်းချင်း ရင်းနှီးစွာ ကြည့်နေခဲ့ကြပြီး ရယ်မောနေခဲ့ကြပါတယ်။
သူတို့ မရှိတဲ့ နောက်ပိုင်းမှာ အသင်းက ဒါဝင်၊ ဂက်ပို၊ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ဖြင့် ပြန်လည် အားဖြည့်ထားပါတယ်။ မာနေးတို့နဲ့အတူ မွန်းစတာတွေလို နာမည်ကြီးခဲ့တဲ့ လီဗာပူးအသင်းဟာ ကစားသမားသစ်တွေနဲ့အတူ အမြင့်ဆုံး အဆင့်တွေကို ပြန်ရောက်လာဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။