NEWS: ဂိုးသမား ကလယ်ဟာရဲ့ အပြောင်းအရွှေ့ အခြေအနေ အကန့်အသတ်ရှိလာ

လီဗာပူးအသင်းရဲ့ ဒုတိယဂိုးသမား ကလယ်ဟာ ဟာ ပုံမှန်ပွဲထွက်ခွင့် ရလိုပေမယ့် ဒီရာသီအတွက်တော့ အသင်းမှာပဲ ဆက်ကစားရဖွယ် ရှိပါတယ်။

နွေစျေးကွက် အစောပိုင်းမှာ အသက် ၂၄ နှစ်အရွယ် ဂိုးသမားကို ခေါ်ယူဖို့ လန်ဒန်ကလပ် အများအပြားက စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် လီဗာပူးဘက်က ကလယ်ဟာကို အသင်းပြောင်းခွင့် ပေးမှာမဟုတ်ကြောင်း ထုတ်ဖော်ထားပါတယ်။

လီဗာပူးအသင်းဟာ အတ်ဒရီယန်ကို သက်တမ်းတိုးခဲ့ပေမယ့် အယ်လီဆန်ရဲ့ အရန်အဖြစ် ကလယ်ဟာကို ဆက်လက် မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။

ဘရန့်ဖိုဒ့်ဟာ ဒေးဗစ် ယာယာကို အာဆင်နယ်ထံ ပေါင် သန်း ၃၀ ဖြင့် ရောင်းချဖို့ သဘောတူညီခဲ့ပါပြီ။ ၎င်းတို့ဟာ ကလယ်ဟာကို ချိတ်ဆက်ဖို့ထက် မေလတုန်းက ပေါင် ၁၁ သန်းဖြင့် ခေါ်ယူထားတဲ့ ဖရန့်ဖတ် ဂိုးသမားဟောင်း ဖလက်ကန်ကိုပဲ ဦးစားပေးအဖြစ် အသုံးပြုတော့မှာပါ။ ၎င်းတို့မှာ လာဇီယို ဂိုးသမားဟောင်း စထရာကိုရှာလည်း ရှိနေပါတယ်။

စပါးအသင်းကတော့ ဂိုးသမား ဗီကာရီယိုကို ပေါင် ၁၇.၂ သန်းဖြင့် ခေါ်ယူထားခဲ့ပြီး ဘရိုက်တန်က ချယ်ဆီးကို ရောင်းချလိုက်တဲ့ ရော်ဘတ် ဆန်းချက်စ် နေရာမှာ ဗာဘရုဂန်ကို ပေါင် ၁၆.၃ သန်းဖြင့် ခေါ်ယူထားပြီ ဖြစ်ပါတယ်။

ဝုဗ်ကလည်း ကလယ်ဟာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် မန်နေဂျာလိုပတ်တီဂူ ရာထူးကနေ နှုတ်ထွက်သွားသလို ကလပ်အတွင်းရေး ကိစ္စတွေကြောင့် ကလယ်ဟာကို ချိတ်ဆက်ဖွယ် မရှိတော့ပါဘူး။

လီဗာပူးအသင်းက ကလယ်ဟာကို တစ်ရာသီ ဆက်ထိန်းနိုင်ဖွယ် ရှိနေပြီး ဂိုးသမားကို ရောင်းချခဲ့ရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ရလိုသလို အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ ၂၀% ရလိုကြောင်းကိုပါ စာချုပ်ထဲမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။