ဟန်ဒါဆန်ရဲ့ ဂျာစီပါ စာသားအတွက် လီဗာပူးပရိသတ်တွေကို Al Ettifaq အသင်း တောင်းပန်

ဆော်ဒီကလပ် Al Ettifaq အသင်းဟာ လီဗာပူး ကစားသမားဟောင်း ဟန်ဒါဆန်ရဲ့ ကျောဘက်ပါ စာသားအတွက် တောင်းပန်မှု လုပ်လာခဲ့ပါတယ်။

ဟန်ဒါဆန်ရဲ့ နာမည်နဲ့ ကျောနံပါတ် ၁၀ အပေါ်ဘက်မှာတော့ Al Ettifaq အသင်းက သူတို့အသင်းရဲ့ အတိုကောက်အဖြစ် E.F.C. ဆိုတဲ့ စကားလုံးကို ရိုက်နှိပ်ထားတာပါ။ အဆိုပါ စကားလုံးအတွက် လီဗာပူး ပရိသတ်တွေကို တောင်းပန်ခဲ့ခြင်း ဖြစ်ပါတယ်။

E.F.C ဟာ အင်္ဂလန်မှာ လီဗာပူးအသင်းရဲ့ မြို့ခံပြိုင်ဘက် အဲဗာတန်အသင်း သုံးနှုန်းလေ့ရှိတဲ့ အတိုကောက်ဖြစ်ပါတယ်။ လီဗာပူးမှာ ၁၂ ရာသီကြာ ကစားခဲ့တဲ့ ဟန်ဒါဆန်ရဲ့ နာမည်မှာ E.F.C စာသား ပါခဲ့တာဟာ မလေးစားသော လုပ်ရပ် မဟုတ်ပါကြောင်း ဆော်ဒီကလပ်က ဖော်ထုတ်လာတာပါ။

၎င်းတို့ကတော့ ” ဟန်ဒိုရဲ့ ကျောဘက်မှာ E.F.C ဆိုတဲ့ စာလုံးကို ထည့်ထားတာအတွက် လီဗာပူး ပရိသတ်တွေကို တောင်းပန်ပါတယ်။ အနည်းဆုံးတော့ အဲဗာတန် မဟုတ်ပါဘူး ” လို့ ဖော်ပြသွားတာပါ။

Al Ettifaq အသင်းရဲ့ ဥက္ကဋ္ဌဟာ လီဗာပူးအသင်း အမာခံပရိသတ်ဖြစ်ပြီး အန်ဖီးကွင်းက ပွဲတွေကို အသင်းဂျာစီနဲ့အတူ တက်ရောက် ကြည့်ရှုခဲ့ဖူးသူ ဖြစ်ပါတယ်။ ကလပ်ရဲ့ မန်နေဂျာကတော့ စတီဗင်ဂျရတ်ဖြစ်ပြီး ဟန်ဒါဆန်ကို ခေါ်ယူဖို့ ဘုတ်အဖွဲ့ထံက သဘောတူညီမှု ရခဲ့တာပါ။

ဟန်ဒါဆန် ကိုယ်တိုင်ကတော့ ပြောင်းလဲလာတဲ့ ဘောလုံးရေစီးကြောင်းမှာ ဆော်ဒီလိဂ် တိုးတက်မှု ကနဦး ကာလတွေအတွင်း သူလည်း အစိတ်အပိုင်းအဖြစ် ပါဝင်လိုခြင်းကြောင့် အရှေ့အလယ်ပိုင်းကို ထွက်လာရတာလို့ ထုတ်ပြောထားပါတယ်။