

ချယ်ဆီးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ပေါင် ၄၈ သန်းဖြင့် ကမ်းလှမ်းမှု ဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီမနက်ထိ လာဗီယာက လီဗာပူးထံ ပြောင်းဖို့ကို ဦးစားပေး ဖြစ်ပေမယ့်လို့ ချယ်ဆီးအသင်းပါ ပါဝင်လာတဲ့နောက် ကစားသမားဟာ အန်ဖီးထံပဲ ပြောင်းတော့မယ်လို့ အာမခံချက် မရှိတော့ပါဘူး။
လီဗာပူးအသင်းဟာ ကလပ်ရဲ့ တရားဝင် မိုဘိုင်းဖုန်း ပါတနာအဖြစ် Google Pixel နဲ့ လက်တွဲကြောင်း ကြေညာပါတယ်။
မနေ့တုန်းက လီဗာပူးလေ့ကျင့်ရေး အစီအစဉ်မှာ ဒါဝင် နူညက်စ် မပါခဲ့ပါဘူး။ ဥရုဂွေးတိုက်စစ်သမား ဒဏ်ရာရနေသလား မှတ်ချက်တွေ ရခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဒါဝင်ဟာ အက်ဆာမှာ မီဒီယာပိုင်း ရိုက်ကူးရေးတွေ လုပ်နေတာမို့ လေ့ကျင့်ရေးကို လွဲချော်ခဲ့တာပါ။
လီဗာပူးအသင်း လူစာရင်း ပြန်တည်ဆောက်ရေးမှာ ကလော့ပ်ဟာ အခြားသော ကလပ် နည်းပြတွေလို လုပ်ပိုင်ခွင့် အပြည့်အဝ ရထားတယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။
အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ ပါဝင်နေကြောင်း ဗီဒီယိုနဲ့ ရုပ်ပုံတွေ ထွက်ရှိလာပြီ ဖြစ်ပါတယ်။
အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီဟာ စျေးကွက်အနည်းငယ်ပဲ ကိုင်တွယ်နိုင်စွမ်း ရှိတယ်ဆိုတဲ့ ဝေဖန်ချက် ထွက်ပြီးနောက် မာဆေးဆိုဒ် သတင်းဌာနက ရှမတ်ကီဟာ အပြောင်းအရွှေ့အတွက် ရာသီကြို ပွဲချိန်တွင်းတောင် ဖုန်းဆက် ညိနှိုင်းနေတာပါလို့ တုန့်ပြန်လာပါတယ်။
ဘော့စတွန် ဘေ့စ်ဘောနဲ့ လီဗာပူး ဘောလုံးအသင်းတွေမှာ ရင်းနှီးမြုပ်နှံမှု မလုပ်ခြင်းကြောင့် ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရလာဖို့ရှိပေမယ့် FSG ဟာ အခြားသော အားကစား တစ်ခုခုမှာ သွားရောက် ရင်းနှီးမြုပ်နှံဖို့ ပလန်တွေ ရှိနေပါတယ်။