BREAKING: ကိုင်ဆီဒိုကို ခေါ်ယူရေး လီဗာပူးအပြင် ဘိုင်ယန်မြူးနစ်လည်း ဝင်ပါလာပါပြီ။

ဒီကနေ့မှာပဲ လန်ဒန်သတင်းထောက် တစ်ဦးဖြစ်တဲ့ Matt Law ကနေပြီး “လီဗာပူးဟာ ချယ်ဆီးထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုဖြင့် ကိုင်ဆီဒိုအတွက် ဝင်ရောက် ကြိုးစားပြီ” လို့ ဖော်ပြလာခဲ့ပါတယ်။

၎င်း အပါအဝင် ချယ်ဆီးသတင်းထောက်တွေကတော့ လာဗီယာကို ပေါင် ၄၈ သန်းဖြင့် ချယ်ဆီးတို့ ကြားဝင် ကမ်းလှမ်းလိုက်တာက ကိုင်ဆီဒို ခေါ်ယူနိုင်ဖို့ မရေရာတာကြောင့်လို့ မြင်ပါတယ်။ ကိုင်ဆီဒိုကို ချယ်ဆီး ခေါ်ယူနိုင်ရေးဟာ သံသယ ဝင်စရာမျိုး ရှိလာပေမယ့် လီဗာပူးထက် ရေပန်းစားနေဆဲလို့ ဆိုပါတယ်။

လီဗာပူးဘက်က သတင်းထောက်တွေဖြစ်တဲ့ Melissa Reddy နဲ့ James Pearce ကတော့ အသင်းဟာ လာဗီယာ အပြောင်းအရွှေ့ ကြံ့ကြာနေတာကြောင့် ဘရိုက်တန်ကနေ ကိုင်ဆီဒိုကို ခေါ်ယူနိုင်ရေး အခြေအနေအတွက် ချိတ်ဆက်မှု ပြုလုပ်တာလို့ ဆိုပါတယ်။ လက်တလောထိ တရားဝင် မကမ်းသေးဘူးလို့ ဆိုကြပါတယ်။

ဘရိုက်တန်ဟာ ကိုင်ဆီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ တောင်းဆိုထားတာဖြစ်ပြီး ဒီပမာဏကို လီဗာပူးအသင်း ပေးပါ့မလား မေးခွန်းထုတ်နေကြပါတယ်။ ကိုင်ဆီဒိုကို ကာလရှည် စောင့်ကြည့်နေပေမယ့် လီဗာပူးဘက်က အခုမှ ပထမဆုံး ချိတ်ဆက်မှု လုပ်ခဲ့တာပါ။

သေချာတာ တစ်ခုကတော့ ချယ်ဆီးက ကိုင်ဆီဒိုအတွက် နောက်ဆုတ်သွားခြင်း မဟုတ်သလို လီဗာပူးက လန်ဒန်ကလပ်ထက် ပိုမို ရေပန်းစားလာတာတော့ မဟုတ်ပါဘူး။ လီဗာပူးနဲ့ သတင်းထွက်ပြီး မကြာခင်မှာပဲ ဘိုင်ယန်မြူးနစ်ကလည်း ကိုင်ဆီဒိုကို ခေါ်ယူရေး ဝင်ရောက်လာကြောင်း စကိုင်းစပေါ့က ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ် ရလိုပေမယ့် ကိုင်ဆီဒိုအတွက် ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့နဲ့အပြိုင် ပေါင် သန်း ၁၀၀ ပေးမပေး ဆိုတာက လာမယ့် ၄၈ နာရီအတွင်း အဖြေပေါ်လိမ့်မယ်လို့ အပြောင်းအရွှေ့ သတင်းထောက်တွေက မှတ်ချက်ပေးနေကြပါတယ်။