လီဗာပူးဟာ ရာသီကုန်ရင် စီနီယာ အများအပြားကို ထွက်ခွာခွင့် ပေးရမှာ ဖြစ်သလို ဒီနွေ ဈေးကွက်မှာ ကစားသမားသစ် များစွာကိုခေါ်ယူမှာ ဖြစ်ပါတယ်။
ဘယ်လင်ဟမ်ကို ခေါ်ဖို့ အစီအစဉ်တွေ ဖျက်သိမ်းခဲ့တဲ့ လီဗာပူးဟာ သူ့အစား တခြားသော ကွင်းလယ်လူသစ်တွေ ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ မေဆန်မောင့်၊ နီကိုလို ဘာရယ်လာနဲ့ ဂရာဗင်ဘက်ချ်တို့ဟာ အလားအလာရှိတဲ့ ပစ်မှတ်တွေဖြစ်ပါတယ်။
ဘယ်သူတွေ ရောက်လာမလဲ မူတည်ပြီး နောက်ရာသီမှာ လီဗာပူးရဲ့ ဂန္တဝင် ကျောနံပါတ်တွေဖြစ်တဲ့ နံပါတ် ၇ ၈ ၉ ၁၀ တွေအတွက် ဆက်ခံသူအသစ်တွေ ပေါ်ထွက်လာနိုင်ပါတယ်။ လက်ရှိအသင်းထဲမှာ အဆိုပါ နံပါတ်တွေကို ဆက်ခံဖို့ ရေပန်းစားနေတဲ့ ကစားသမား ၃ယောက် ရှိပါတယ်။
လူးဝစ်ဒီယက်ဇ်
အန်ဖီးကို ရောက်တာ ၁၈လ ရှိပြီဖြစ်တဲ့ ဒီယက်ဇ်ဟာ နောက်ဆုံးတော့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီး ပုံမှန်ပွဲထွက်နေရာ တစ်ခုအတွက် ကြိုးပမ်းဖို့ အသင့်ဖြစ်နေပါတယ်။ သူဟာ ဘယ်ခြမ်းမှာ နူညက်၊ ဂက်ပိုတို့နဲ့ ပြိုင်ရမှာဖြစ်ပြီး လာမယ့်ရာသီမှာ ကျောနံပါတ် အပြောင်းအလဲ ဖြစ်လာဖို့လည်း ရှိနေပါတယ်။
ဒီယက်ဇ်ဟာ ပေါ်တိုမှာ နံပါတ်၇ ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး အဲ့ကိုမရောက်ခင် ဂျူနီယာအက်ဖ်စီနဲ့ နောက်ဆုံးရာသီမှာ နံပါတ် ၁၀ ကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
ကိုဒီဂက်ပို
ဇန်နဝါရီမှာ ရောက်လာတဲ့ ဂက်ပိုဟာ မာနေး ချန်ထားခဲ့တဲ့ နံပါတ် ၁၀ ကို ရယူခဲ့ခြင်း မရှိပါဘူး။ သူ့အနေနဲ့ တခြားသော နံပါတ် ၇၊ ၈၊ ဒါမှမဟုတ် ၉ ကို ရယူခွင့်ရှိနေဆဲဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာ ကစားသမားဘဝမှာ အဲ့နံပါတ်တွေအားလုံး ဝတ်ဆင်ခဲ့ဖူးပါတယ်။ ပီအက်စ်ဗွီမှာ ဂက်ပို ပိုကြိုက်ခဲ့တဲ့ နံပါတ် ၁၁ ကို ဆာလာ ဝတ်ဆင်နေလို့ သူ့အနေနဲ့ အဲ့နံပါတ်ကို မျှော်လင့်လို့ရမှာ မဟုတ်ပါဘူး။
ဒါဝင် နူညက်
နံပါတ် ၉ ကို ဆက်ခံဖို့ အလားအလာ အရှိဆုံးသူ ဖြစ်လာနိုင်ပါတယ်။ ဖာမင်နို ထွက်သွားရင် ဒီနံပါတ်ကို ချန်ခဲ့မှာဖြစ်ပြီး နူညက်ဟာ ဘင်ဖီကာမှာတုန်းက အဲ့နံပါတ်ကို ဝတ်ဆင်ရင်း ၂နှစ်အတွင်း ၄၈ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အန်ဖီးမှာ ဆွာရက်စ်ရဲ့ ခြေရာနင်းဖို့ ကြိုးစားလိုတယ်ဆိုရင် စီနီယာဟောင်းကြီး ဝတ်ဆင်ခဲ့တဲ့ နံပါတ် ၇ ကိုလည်း သူသဘောကျနိုင်ပါတယ်။
တခြားသော လျာထားစာရင်း
ဗဟိုကွင်းလယ် လူသစ်တွေဟာ နံပါတ် ၇ နဲ့ ၈ ကို ရွေးချယ်တာတွေ ဖြစ်လာနိုင်ပါတယ်။ လီဗာပူးကစားသမားဘဝ တလျှောက်လုံး နံပါတ် ၆၆ ဝတ်ဆင်ခဲ့တဲ့ ထရန့်ဟာ ညာအစွန်နဲ့ ကွင်းလယ်လူ နှစ်မျိုးစပ် နေရာအသစ်မှာ ကျောနံပါတ်ကို ပြောင်းလဲဖို့ အချိန်ကျပြီလို့ တွေးထားလောက်ပါတယ်။ အကယ်လို့ သူ ကျောနံပါတ် ၈ ကို ရွေးချယ်မယ်ဆိုရင် ပရိသတ်တွေအတွက် ပြဿနာ မရှိပါဘူး။
ကျောနံပါတ် ၁၉ သမား ဟာဗေးအဲလီယော့၊ နံပါတ် ၁၇ ဝတ်ဆင်နေတဲ့ ကာတစ်ဂျုံးစ်နဲ့ ကျောနံပါတ် ၄၃ ပိုင်ရှင် ဘာ့ဆီတစ်တို့လို အကယ်ဒမီထွက်တွေက နံပါတ်ငယ်လေးတွေကို မသိမသာ စောင့်ဆိုင်းနေမှာ ဖြစ်ပါတယ်။