ချယ်ဆီးကို ရင်ဆိုင်မယ့် ပရီးမီးယားလိဂ် ပထမဆုံးပွဲမှာ ကလော့ပ် ထုတ်သုံးမယ့် ပွဲထွက် လူစာရင်း

လီဗာပူးအသင်းဟာ ဒီမနက်မှာပဲ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၁၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါပြီ။

ဒါကြောင့် ဟန်ဒါဆန်၊ ဖာဘင်ညို၊ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ ထွက်ခွာသွားတဲ့ ကွင်းလယ်နေရာမှာ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ ကိုင်ဆီဒိုတို့ဖြင့် ပြန်လည် အင်အားဖြည့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နောက်ထပ် ခေါ်ယူမှုတွေ ထပ်လာဖို့ မျှော်လင့်ထားရသလို ကစားသမား ထွက်ခွာမှု အနည်းငယ် ရှိလာနိုင်ပါသေးတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ပွဲစဉ်က ဒီအပတ် တနင်္ဂနွေနေ့မှာ စတမ်းဖိုဒ့်ဘရစ်ချ်ထံ သွားရောက် ယှဉ်ပြိုင်ခြင်းဖြင့် စတင်တော့မှာမို့ လူသစ်တွေဟာ ဒီအပတ် ပွဲစဉ်မှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

ကြံ့ခိုင်မှု ပြန်သက်သာလာတဲ့ သီယာဂိုနဲ့ ဘာ့ဆဲတစ်တို့ကိုလည်း ပွဲနေ့လူစာရင်းထဲ မထည့်သေးဘဲ ချယ်ဆီးပွဲအတွက် ရည်ရွယ်တဲ့ သီးသန့် လူစာရင်းနဲ့ ကစားကွက် တစ်ခုကို နည်းပြကလော့ပ် ခင်းကျင်းလာနိုင်ပါတယ်။

ချယ်ဆီးပွဲအတွက် ဖြစ်လာဖွယ် ပွဲထွက်လူစာရင်း

ဂိုးသမားနေရာ အယ်လီဆန် ပွဲထွက်ကာ ခံစစ်က ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်နဲ့ ရိုဘိုတို့ ဖြစ်ပါတယ်။ လီဗာပူးနည်းပြအဖွဲ့က ဘယ်ခြမ်း ဗဟိုခံစစ်မှူး ရှာဖွေနေကြောင်း သတင်းနဲ့အတူ သုံးသပ်သူတွေက ရော်ဘတ်ဆန်ရဲ့ ခံစစ်မှူးလို ကစားနိုင်စွမ်း အားနည်းမှုကို ထောက်ပြလာကြတယ်။ ဒါပေမယ့်လို့ စကော့သားဟာ သူ့ရဲ့ ပွဲထွက်ခွင့်ကို ခပ်လွယ်လွယ် ဆုံးရှုံးမှာ မဟုတ်ပါဘူး။

ကွင်းလယ်မှာ မက်ကယ်လစ္စတာကို နံပါတ် ၆ နေရာထားပြီး ဘောလုံးပိုင်ဆိုင်ချိန် ထရန့်ကိုပါ ပူးတွဲထားမှာ ဖြစ်ပါတယ်။ သူတို့ရှေ့မှာတော့ ဂက်ပိုနဲ့ ဆိုဘိုစလိုင်တို့ကို နံပါတ် ၈ နေရာတွေ ထားပြီး ဖိအားပေးမှုတွေကို တာဝန်ယူစေမှာ ဖြစ်ပါတယ်။ ကိုင်ဆီဒိုကိုတော့ အိမ်ကွင်း အန်ဖီးပွဲမှ စတင် ပွဲထုတ်မှာဖြစ်ပါတယ်။

တိုက်စစ်ကြောင်းကတော့ ဒီယက်ဇ်၊ ဂျိုတာနဲ့ ဆာလာတို့ ဖြစ်လာဖွယ် ရှိနေပါတယ်။ ဒါဝင် နူညက်စ်ဟာ ဒီအပတ် လေ့ကျင့်ရေးမှာ မီဒီယာတာဝန်ကြောင့် လွဲချော်ထားခဲ့ပြီး အဲ့နောက်ပိုင်း သူ့အခြေအနေကို မသိရသေးတာမို့ ချယ်ဆီးပွဲမှာ ပွဲထွက်ဖွယ် မရှိဘူးလို့ ခန့်မှန်းရတာ ဖြစ်ပါတယ်။