ဒီမနက် ၃ နာရီမှာ ကိုင်ဆီဒိုအတွက် လီဗာပူး၊ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့ ဘယ်လိုတွေ ကမ်းလှမ်းခဲ့ကြသလဲ

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ သမိုင်းမှာ ပြောစမှတ်တွင်မယ့် ညတစ်ညကို ကျော်ဖြတ်ခဲ့အပြီးမှာ ဗြိတိန်စံချိန်တင်ကြေး ပေါင် သန်း ၁၁၀ ဖြင့် ကိုင်ဆီဒိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။

လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ဟာ အခုချိန်ထိ အီကွေဒေါ ကွင်းလယ်လူနဲ့ စကားမပြောရသေးပါဘူး။ အချိန်သိပ်မရတာကြောင့် ကလပ်ဟာ ကိုင်ဆီဒိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေ ပြီးမြောက်ခြင်း မရှိသေးပါဘဲ ကစားသမားအတွက် ဘရိုက်တန်အသင်းနဲ့ သဘောတူညီမှုရဖို့ကိုပဲ ကြိုးစားခဲ့တာပါ။

ဘရိုက်တန်အသင်းက ကြာသပတေးနေ့ ည သန်းခေါင်ချိန်ကို ကိုင်ဆီဒိုအတွက် နောက်ဆုံး ကမ်းလှမ်းမှုတင်ဖို့ ရက်ချိန်း သတ်မှတ်ပေးထားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့နဲ့အတူ ကိုင်ဆီဒိုအတွက် တရားဝင် ကမ်းလှမ်းမှုကို ပေးပို့ခဲ့ပါတယ်။

ကစားသမားရဲ့ ကိုယ်စားလှယ်ဘက်ကို ချဉ်းကပ်ကြည့်ရာမှာ ကိုင်ဆီဒိုက အန်ဖီးထံ ပြောင်းလိုကြောင်းကို လီဗာပူးဘက်က သိရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ကိုင်ဆီဒိုအတွက် ချယ်ဆီးထက် ပိုပေးမယ့်အကြောင်း မနေ့ နေ့ခင်းမှာတင် ဘရိုက်တန်ကို အကြောင်းကြားထားခဲ့ပါတယ်။ ညနက်ချိန်ထိ လီဗာပူးဘက်က ကစားသမားအတွက် ပြောင်းရွှေ့ကြေး တင်ဖို့ရာ ပြင်ဆင်စရာတွေကို လုပ်ဆောင်နေခဲ့တယ်။

နောက်ဆုံး ကမ်းလှမ်းမှုအဖြစ် ချယ်ဆီးက ပေါင် သန်း ၁၀၀၊ ဘိုင်ယန်မြူးနစ်က ပေါင် သန်း ၉၀ ဖြင့် ကမ်းလှမ်းခဲ့ကာ လီဗာပူးဘက်က ပေါင် သန်း ၁၁၀ ထိ တိုးပေးခဲ့ပါတယ်။ မာဆေးဆိုဒ်ကလပ် တရားဝင် စာရွက်စာတမ်းတွေကို ပေးပို့ချိန်ဟာ ဗြိတိန်စံတော်ချိန် မနက် ၃ နာရီ ရောက်နေပါပြီ။

ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို အပြီးမသတ်နိုင်ခဲ့ပေမယ့် ကိုင်ဆီဒိုကို ဆေးစစ်ဖို့တော့ ကြိုတင် ဘွတ်ကင် လုပ်ထားခဲ့ပါတယ်။ ဒီမနက်မှာ ကိုင်ဆီဒိုဟာ လန်ဒန်ကနေ လီဗာပူးကို ထွက်ခွာလာမှာ ဖြစ်ကာ အခု ဒီသတင်းကို ရေးသားနေချိန်မှာတော့ ကစားသမားနဲ့ပါ ပုဂ္ဂိုလ်ရေးပိုင်း သဘောတူညီခဲ့ပြီလို့ သိရပါတယ်။

ဗြိတိန်စံတော်ချိန် ဒီမနက် ၁၀ နာရီမှာ ချယ်ဆီးပွဲကြို ကလော့ပ်ရဲ့ မီဒီယာတွေ့ဆုံမှု ရှိပါတယ်။ မီဒီယာတွေ့ဆုံမှု မလုပ်ခင် ကလော့ပ်နဲ့ ကိုင်ဆီဒိုတို့ စကားပြောကြဖို့ လီဗာပူးအသင်းဘက်က စီစဉ်ထားပါတယ်။ ကလပ်နဲ့ ဆေးစစ်မှုမှာ ဘာပြဿနာမှ မရှိရင် ကွင်းလယ်လူဟာ ဒီအပတ်မှာပဲ လီဗာပူး ကစားသမားသစ် ဖြစ်လာပါမယ်။

ကလော့ပ်ရဲ့ အင်တာဗျူးမှာ တရားဝင် ဖြေကြားမှု တစ်ခုခု သိရဖို့ မျှော်လင့်ထားရပြီး ဆေးစစ်မှုနဲ့ တရားဝင် ကြေညာမှုတွေကလွဲလို့ ကလပ်နှစ်သင်းကြား အားလုံး သဘောတူညီထားပါပြီ။ တရားဝင် လွဲပြောင်းယူရေး ကိစ္စတွေကလည်း ရှေ့ဆက်နေပြီလို့ သိရပါတယ်။

လီဗာပူးနဲ့ ကိုင်ဆီဒို အပြောင်းအရွှေ့ ကိစ္စဟာ ကြာသပတေးနေ့မှာ တရားဝင် စတင်ခဲ့တာဖြစ်ပေမယ့် သူ့ကို ကင်းထောက်နေခဲ့တာ တစ်နှစ်ကျော်နေခဲ့ပါပြီ။ နည်းပြအဖွဲ့က အီကွေဒေါ ကွင်းလယ်လူဟာ ကလပ် လိုအပ်နေတဲ့ တစ်ဦးတည်းသော ကွင်းလယ်လူလို့ ခိုင်ခိုင်မာမာ ယုံကြည်နေခြင်းကြောင့် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကလော့ပ်က ဒီကနေ့မှာပဲ ကိစ္စတွေ အားလုံး ပြီးမြောက်ဖို့ မျှော်လင့်ထားပေမယ့်လို့ ကိုင်ဆီဒိုဟာ တနင်္ဂနွေနေ့ ချယ်ဆီးပွဲမှာ လီဗာပူးအသင်း လူစာရင်းထဲ ပါဝင်လာမှာတော့ မဟုတ်ပါဘူး။