BREAKING: ကိုင်ဆီဒိုအတွက် နောက်ထပ် ကြိုးစားမှု ထပ်လုပ်ဖို့ ချယ်ဆီးဘက်က ပြင်ဆင်နေပါပြီ

လီဗာပူးအသင်းက ကိုင်ဆီဒိုအတွက် ဘရိုက်တန်အသင်းကို ပေါင် ၁၁၁ သန်း ပေးပြီး အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့ပေမယ့် ချယ်ဆီးဘက်က နောက်ထပ် ကြိုးစားမှု ဝင်ဖို့ အားစိုက်လာကြောင်း လန်ဒန်သတင်းထောက် Nizaar Kinsella က ဆိုပါတယ်။

မနက်တုန်းက ကိုင်ဆီဒိုအတွက် လီဗာပူး၊ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့ စျေးပြိုင် ကမ်းလှမ်းခဲ့ကြရာမှာ လီဗာပူးက ပေါင် ၁၁၁ သန်းဖြင့် သဘောတူခဲ့တာပါ။ ဒါပေမယ့်လို့ အပြောင်းအရွှေ့ စျေးကွက်ဟာ ဩဂုတ်လ ၃၁ ရက်နေ့ထိ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့်ပဲ ချယ်ဆီးဘက်က သူတို့ ကာလရှည် ကြိုးစားလာတဲ့ ကိုင်ဆီဒိုကို လီဗာပူးအသင်းထံ လွယ်လွယ်ကူကူ ပြောင်းခွင့်မပေးရဖို့ နောက်ထပ် ကြိုးစားမှု တစ်ခု လုပ်ဖို့ ပြင်ဆင်လာပါတယ်။

ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားခဲ့တာပါ။ ကိုင်ဆီဒိုဟာ မာဆေးဆိုဒ်ကို ပြောင်းလာဖို့ အဆင်ပြေပေမယ့် အခုချိန်ထိ လီဗာပူးအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု၊ ဆေးစစ်မှုတွေ မပြီးမြောက်သေးတာကို ချယ်ဆီးဘက်က သိထားပါတယ်။

လီဗာပူးကို ဝင်နှောက်ယှက်ဖို့ လာဗီယာကို ပေါင် ၄၈ သန်းဖြင့် ချယ်ဆီးတို့ ဝင်ချိတ်ဆက်ပေမယ့် ပယ်ချခံခဲ့ရပြီး ဆောက်သမ်တန် ကွင်းလယ်လူကို ထပ်မံ ကြိုးစားဖို့ထက် ကိုင်ဆီဒိုကိုပဲ ပြန်လိုက်ဖို့ လန်ဒန်ကလပ် တာဝန်ရှိသူတွေ စိတ်အားထက်သန်နေပါတယ်။

ဒီတစ်ကြိမ် ကိုင်ဆီဒိုကို ကမ်းလှမ်းမယ်ဆိုရင် ပေါင် ၁၁၁ သန်းထက် များရမှာဖြစ်သလို ဘရိုက်တန်အသင်းဘက်က လီဗာပူးနဲ့ သဘောတူထားမှုကို ဖောက်ဖျက်ရလောက်တဲ့ထိ ပြောင်းရွှေ့ကြေး မက်လုံးတစ်ခု ပေးရမှာပါ။

အခုချိန်မှာ အားလုံးက ချယ်ဆီးဘက်က ဘာလုပ်လာမယ် စောင့်ကြည့်နေသလို ကိုင်ဆီဒိုဘက်ကလည်း စောင့်ဆိုင်းနေပြီး လန်ဒန်မှာပဲ ဆက်ရှိနေသေးကာ ဒီညပိုင်းမှ လီဗာပူးထံ ထွက်ခွာလာမှာ ဖြစ်ပါတယ်။