လီဗာပူးအသင်းနဲ့ ဘရိုက်တန်ကြား အပြောင်းအရွှေ့ ကိစ္စ သဘောတူညီမှု ရခဲ့ခြင်းကို တော့ဘိုးလီနဲ့ ချယ်ဆီး တာဝန်ရှိသူတွေ အကြီးအကျယ် ပေါက်ကွဲခဲ့ကြပါတယ်။
၎င်းတို့ဟာ ကိုင်ဆီဒိုအတွက် ပြိုင်ဘက် မရှိဘူးလို့ ယူဆထားခဲ့ကြပြီး မနေ့ကစလို့ လီဗာပူး ပါဝင်လာချိန်ထိ သူတို့ပေးမယ့် ပမာဏမျိုး ပေးနိုင်မယ် မထင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်၊ လီဗာပူးတို့နဲ့အပြိုင် ကမ်းလှမ်းရာမှာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ပဲ တင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ လီဗာပူးတင်တာက ချယ်ဆီးထက် ပေါင် ၁၀ သန်းကျော် ပိုများခဲ့ကာ အမြင့်ဆုံးကြေးပေးတဲ့ ကလပ်အဖြစ် ဘရိုက်တန်နဲ့ သဘောတူညီခဲ့ပါတယ်။
ကိုင်ဆီဒိုရဲ့ သဘောထားကတော့ မေလကတည်းက သူဟာ ချယ်ဆီးထံ ပြောင်းဖို့ ကတိပေးထားတဲ့အပေါ် တည်လိုပါတယ်။ သူဟာ ချယ်ဆီး စီနီယာတွေနဲ့ အဆက်အသွယ်လည်း ရှိထားပြီး ဒီအပတ်စကတည်းက တရားဝင် ပြောင်းခွင့်ကို စောင့်နေခဲ့တာပါ။ ကစားသမားဟာ လီဗာပူးအသင်းထံ ပြောင်းရဖို့လည်း ပြဿနာ မရှိပါဘူး။
ဒီမနက်မှာပဲ ချယ်ဆီးဟာ ဘရိုက်တန်ထံ ချဉ်းကပ်ခြင်းထက် ကိုင်ဆီဒိုရဲ့ အေးဂျင့်ဖြစ်တဲ့ Futbol Division ပိုင်ရှင် Manuel Sierra နဲ့ တိုက်ရိုက် ဆက်သွယ်မှု လုပ်ခဲ့ပါတယ်။
ဒီဆက်သွယ်မှုမှာ ကိုင်ဆီဒိုကို လီဗာပူးထံ မပြောင်းရေး တားဆီးပေးနိုင်ရင် အေးဂျင့်နဲ့ ရေရှည် လက်တွဲဖို့၊ ငွေကြေး အကျိုးအမြတ် ပေးအပ်မယ့် ကိစ္စပါ ပါဝင်မယ်လို့ သတင်းထောက်တွေက မှတ်ချက်ပေးပါတယ်။ ဒါ့အပြင် ကိုင်ဆီဒိုရဲ့ လုပ်ခဟာလည်း အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။
ကိုင်ဆီဒိုရဲ့ အပြောင်းအရွှေ့မှာ သူ့ရဲ့ အသင်းဟောင်း Independiente del Valle က အကျိုးခံစားခွင့်ရဖို့ ရှိသလို တတိယပါတီ အဖွဲ့ ပါဝင် ပတ်သက်နေကြောင်းလည်း သုံးသပ်ခံနေရပါတယ်။
ကိုင်ဆီဒိုရဲ့ အေးဂျင့်တွေက အကျိုးအမြတ် ကိစ္စကို ဖုံးကွယ်ထားဖို့ နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက်တွေကိုလည်း အသုံးပြုနေပါတယ်။
Manuel Sierra က ကိုင်ဆီဒိုအား လီဗာပူးရဲ့ ချဉ်းကပ်မှုကို ငြင်းဆန်ဖို့ ဟန့်တားခဲ့တယ်။ ဒီအတွက် ဘရိုက်တန်ဘက်က ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။ ချယ်ဆီးကတော့ သူတို့ ပိုကောင်းတဲ့ ကမ်းလှမ်းမှု ပေးခဲ့ရင် ဘရိုက်တန်ဘက်က နားထောင်ပေးမယ် မျှော်လင့်ထားပါတယ်။
ချယ်ဆီးဟာ လီဗာပူးပေးတဲ့ ပေါင် သန်း ၁၁၀ ထက် ပိုကမ်းလှမ်းနိုင်ဖို့ စီစဉ်မှုတွေ ဆက်တိုက် လုပ်နေခဲ့ပြီး လိဒ်စ်ယူနိုက်တက်မှ တေလာ အဒမ်ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူဖို့ ပြင်ဆင်ထားမှုကို ဖျက်သိမ်းလိုက်ပါတယ်။ အဒမ်ဟာ အပြောင်းအရွှေ့ မဖြစ်မြောက်တဲ့နောက် လိဒ်စ်ထံ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။
လက်တလောမှာ ချယ်ဆီးတို့ ကိုင်ဆီဒိုအတွက် ငွေကြေးရှာနေပြီး ဂါလယ်ဂါကို ဘရိုက်တန်ထံ ရောင်းချတာ ဒါမှမဟုတ် အမြန်ဆုံး အသင်းပြောင်းခွင့်ပေးဖို့လည်း လုပ်ဆောင်နေပါတယ်။
အခုချိန်ထိတော့ ချယ်ဆီးဘက်က ကမ်းလှမ်းမှု မဝင်သေးသလို လီဗာပူးဘက်ကလည်း ပေါင် ၁၁၀ သန်းတန် စာချုပ်ကို ပြန်ရုတ်သိမ်းထားခြင်း မရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒီမနက်တုန်းက လီဗာပူးရဲ့ အားသာခဲ့မှုဟာ သံသယဝင်စရာ အခြေအနေကို ပြန်ရောက်သွားခဲ့ပါပြီ။