ကိုင်ဆီဒိုရဲ့ ပုံရိပ်မကျဆင်းဘဲ ချယ်ဆီးထံ ရောက်ရေး ကြိုးစားနေတဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့

ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် လီဗာပူးနဲ့ ဘရိုက်တန် သဘောတူညီမှု ရသွားခြင်းကို အတော်လေး အရှိုက်ထိသွားခဲ့ပါတယ်။

အပြောင်းအရွှေ့ မဖြစ်ရေး ဘရို်က်တန်ထံ ကမ်းလှမ်းမှု ထပ်ဝင်နိုင်ဖို့ ကိုင်ဆီဒိုရဲ့ အေးဂျင့်အဖွဲ့ဖြစ်တဲ့ Futbol Division ထံ ချက်ခြင်း ဆက်သွယ်ခဲ့တယ်။ အေးဂျင့်အဖွဲ့ကလည်း အပြောင်းအရွှေ့ လက်မခံဖို့ ကိုင်ဆီဒိုကို တားဆီးခဲ့ကာ ကစားသမားရဲ့ ပုံရိပ်မကျစေဖို့ နာမည်ကြီး သတင်းထောက် အချို့ကို သူတို့ ကစားသမားဘက်က PR တွေအဖြစ် ကာကွယ်ပေးဖို့ ချိတ်ဆက်ခဲ့ပါတယ်။

ကိစ္စတွေ မှန်မှန်ကန်ကန် ဖြစ်လာခဲ့ပေမယ့် ချယ်ဆီးဘက်က ပေးမယ့် အကျိုးအမြတ်ကို လိုချင်တဲ့ အေးဂျင့်အဖွဲ့ဟာ ငွေကြေးအစား ကစားသမားက ချယ်ဆီးထံကို စိတ်ရောက်နေတာမို့ လီဗာပူးကို ငြင်းဆန်ကြောင်း မီဒီယာထက်မှာ သတင်းလွှင့်ခဲ့တာပါ။ သူတို့ဘက်က ချိတ်ဆက်ထားတဲ့ သတင်းထောက်တွေထဲမှာ ရိုမန်နိုလို ပုဂ္ဂိုလ်လည်း ပါဝင်ခဲ့ပါတယ်။

ရိုမန်နိုဟာ ချယ်ဆီးဘက်ကပါတဲ့ သတင်းထုတ်လွှင့်ချက်တွေကို တွစ်တာမှာ တောက်လျှောက် ဖော်ပြလာခဲ့ပြီး ကစားသမားဘက်က လီဗာပူးကို မပြောင်းခဲ့ရင် ဂုဏ်သိက္ခာ မကျစေဖို့ အတော်လေး ဘက်လိုက်တဲ့ ရေးသားချက်တွေ လုပ်ခဲ့ပါတယ်။ ရိုမန်နိုဟာ ကိုင်ဆီဒိုရဲ့ ပုံရိပ် မကျရေး အတော်လေး ကြိုးစားပေးနေပါတယ်။

ဘရိုက်တန်အသင်း ကိုယ်တိုင်က ကိုင်ဆီဒိုရဲ့ ကိုယ်စားလှယ်တွေကို အပြောင်းအရွှေ့ ရပ်တန့်အောင် လုပ်ခြင်းအတွက် ဒေါပွခဲ့တယ်။ ဒါပေမယ့်လို့ သူတို့ဘက်ကပဲ ကိုင်ဆီဒိုအတွက် ချယ်ဆီးဘက်က ကမ်းလှမ်းမှု ဝင်နိုင်အောင် ပြန်လမ်းဖွင့်ပေးခဲ့ပါတယ်။

လီဗာပူးသတင်းထောက်တွေကတော့ ဒီကိစ္စ နောက်ကွယ်မှာ ချယ်ဆီးဘက်က ကိုင်ဆီဒိုကို လုပ်ခပိုပေးမယ် ဆိုတဲ့ မက်လုံးနဲ့ ကစားသမားရဲ့ အေးဂျင့်ဘက်ကို ကော်မရှင်ခ အများကြီး ပိုပေးမယ်ဆိုပြီး ဆွဲဆောင်ကြောင်း အရိပ်အမြွက် ဖော်ထုတ်ထားပါတယ်။

ကိုင်ဆီဒိုရဲ့ အေးဂျင့်ဟာ ကစားသမားနဲ့ မိသားစုတို့ အတော်လေး ယုံကြည် ကိုးစားခံရတာနဲ့အတူ လုပ်ပိုင်ခွင့် အပြည့်အဝ ရထားပါတယ်။ သူတို့ ကစားသမား အကျိုးအမြတ် ပိုရဖို့ အေးဂျင့်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကနေ ကြိုးစားနေတာ ဖြစ်ပေမယ့် မှန်ကန်တဲ့ နည်းလမ်းမျိုးတွေတော့ မဟုတ်ပါဘူး။

ရိုမန်နိုကတော့ လီဗာပူးက ကိုင်ဆီဒိုကို ခေါ်ယူရေး စိတ်ပျက်သွားလို့ နောက်ဆုတ်တော့မယ်လို့ မီဒီယာထက်ကနေ တွန်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် Paul Joyce, James Pearce, Ian Doyle တို့လို အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက လီဗာပူးဟာ နောက်မဆုတ်ဘူးလို့ ပြန်ချေပခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့မှာ ကိုင်ဆီဒိုဟာ လီဗာပူးကို ရောက်မလား ချယ်ဆီးထံ ရောက်မလား မသိနိုင်သေးပါဘူး။ ဒါပေမယ့် ကလပ်ကတော့ အသင်းရဲ့ ရပ်တည်ချက်ကို ပြောင်းလဲခြင်း မရှိဘဲ ကိုင်ဆီဒိုအတွက် ဘရိုက်တန်နဲ့ သဘောတူထားတဲ့ တစ်သင်းတည်းသော ကလပ်ဆိုတဲ့ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။