ရာသီသစ်ကို အရှိန်ဖြင့် ဝင်ဖို့ ဦးတည်လာပြီး နောက်တစ်ကြိမ် ကျရှုံးခံတော့မှာ မဟုတ်တဲ့ ကလော့ပ်နဲ့ လီဗာပူး

ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ လီဗာပူးရဲ့ အခြေအနေ အားလုံးအပေါ် လွှမ်းမိုးထားခဲ့ပါတယ်။

ဒါပေမယ့် ကလပ်ရဲ့ အရှိတရားဟာ ဒီအပတ်မှာ စတင်ပါတော့မယ်။ တနင်္ဂနွေနေ့မှာ ကလော့ပ်ရဲ့ အသင်းဟာ အရေးပါတဲ့ ဘောလုံးရာသီတွေထဲက တစ်ခုကို စတင် ကျော်ဖြတ်မှာ ဖြစ်ပါတယ်။ လီဗာပူး ရင်ဆိုင်ရမှာကတော့ ကိုင်ဆီဒိုကို အပြိုင်လုနေတဲ့ ချယ်ဆီးအသင်းပဲ ဖြစ်ပါတယ်။

အခုချိန်မှာ လူတိုင်းက တနင်္ဂနွေနေ့ စတမ်းဖိုဒ့်ဘရစ်ချ်က အမှတ်ပေးပွဲထက် ကိုင်ဆီဒို အခြေအနေပေါ်မှာပဲ အာရုံစိုက်နေပါတယ်။ လီဗာပူးအတွက်ကတော့ မနှစ်ကရာသီ ဖူလ်ဟမ်မှာ ဖြစ်ခဲ့တဲ့ အခြေအနေမျိုး ထပ်ပြီး မဖြစ်ရေးဟာ အရေးကြီး သတိပေးချက် ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အဖွင့်မှာ တန်းတက် ကလပ်ကို ဆိုးရွားတဲ့ စွမ်းဆောင်ရည်ဖြင့် ရင်ဆိုင်ပြီး ၂ မှတ်လျော့ခဲ့ခြင်းဟာ ဆုဖလားလက်မဲ့ဖြစ်ဖို့၊ ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ဖို့ အစဖြစ်ခဲ့ပါတယ်။

သောကြာနေ့မှာပဲ ကလော့ပ်က ‘လီဗာပူး ပြန်လည်စတင်ခြင်း လာတော့မယ်’ လို့ သူ့ အသင်းသားတွေကို ဆော်ဩထားပါတယ်။ ဒီရာသီမှာ မနှစ်ကလို မဟုတ်ဘဲ ရာသီသစ်ကို အရှိန်ဖြင့် ဝင်ရောက်ဖို့ နည်းပြအဖွဲ့က ရည်မှန်းထားပါတယ်။

လီဗာပူးဟာ ကလော့ပ် လက်ထက်မှာ ဘောလုံးရာသီတိုင်းလို တာထွက်ကောင်းအောင် အားထုတ်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာဆိုရင်လည်း ရာသီစ ၃၁ ပွဲ ကစားခဲ့ပြီး ၄ ပွဲပဲ အရေးနိမ့်ဖူးပါတယ်။ ဒါပေမယ့် အမြဲတမ်း လိုလိုက အင်အားငယ်တဲ့ အသင်းတွေကိုပဲ ရင်ဆိုင်ခဲ့ရဖူးတာပါ။

ထရန့်၊ ကာတစ်၊ မက်ကယ်လစ္စတာ သူတို့ ၃ ဦးထဲက နံပါတ် ၆ သမားအဖြစ် ဘယ်သူ့ကိုပဲ ရွေးချယ်ပါစေ ကလပ်ရဲ့ ရည်မှန်းချက်က တာထွက်မှာ နိုင်ဖို့ပါပဲ။ တိုက်စစ်မှာဆိုရင် ဆာလာကလွဲလို့ ကျန် ၂ နေရာ ဘယ်သူတွေ ပွဲထွက်မလဲ မသိနိုင်သေးပါဘူး။ အသင်းဟာ ချယ်ဆီးနဲ့ နောက်ဆုံး ၄ ကြိမ်ဆက် သရေကျမှုကို ရပ်တန့်လိုနေပါပြီ။

ဒီလတွေအတွင်း အခြေအနေတွေအရ တာထွက်ကောင်းဖို့က လီဗာပူးအတွက် အရေးကြီးဆုံး ဆိုတာ ကလော့ပ် သိပါတယ်။ လူသစ်ခေါ်ယူရေး ဘီလီဟိုဂန်နဲ့ အားကစားဒါရိုက်တာသစ် ရှမတ်ကီက ကြိုးစားနေပါလိမ့်မယ်၊ လူစာရင်းကိုတော့ ဗန်ဒိုက်နဲ့ ထရန့်တို့က ဦးဆောင်ပေးနေပါမယ်။ လက်ရှိမှာ နည်းပြအဖွဲ့ရဲ့ တစ်ခုတည်းသော ဦးတည်ချက်က လန်ဒန်မှာ နိုင်ပွဲရရေးဖြစ်ပါတယ်။

နောက်လ ပထမဆုံးအကြိမ် နိုင်ငံတကာ သီတင်းပတ် စတင်တဲ့အခါ လီဗာပူးရဲ့ ကွင်းလယ် ပြဿနာက ဖြေရှင်းနိုင်တာ ဖြစ်ကောင်း ဖြစ်ပါမယ်။ ဒါပေမယ့် အဲ့မတိုင်ခင်မှာ နည်းပြကလော့ပ်ဟာ ခိုင်မာတဲ့ ကစားကွက် တစ်ခုကို ရှာဖွေနိုင်ဖို့ လိုအပ်နေပါတယ်။

၄-၃-၃ ကို အခြေခံပြီး 3-box-3 ကစားဟန်ကို မနှစ်ကရာသီမှာ အစပျိုးခဲ့ကာ ဒီရာသီမှာလည်း ဆက်ပြီး ကျင့်သုံးမှာပါ။ ဒီစနစ်သစ်ဟာ မူလကစားတဲ့ ၄-၃-၃ ထက် တြိဂံပုံစံ ဘောလုံးပေးမှု ရှုထောင့်ပိုင်း ကျယ်ပြန်သလို ပိုပြီး စုဖွဲ့မှုများပါတယ်။

ကလော့ပ်ဟာ သူ့ရဲ့ ၃-၂-၂-၃ ပုံစံ စနစ်သစ်မှာ နံပါတ် ၁၀ သမား နှစ်ဦးလိုတာကို သိပါတယ်။ ဒါကြောင့်ပဲ ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ကို ခေါ်ယူခဲ့တာပါ။ လိုအပ်လာမယ့် အနေအထားအတွက် ဂက်ပိုကိုလည်း နံပါတ် ၁၀ နေရာ ထားကြည့်ပြီးပါပြီ။

ရာသီသစ် ပထမ ၃ ပတ်မှာ အသင်းဟာ စနစ်သစ် အသင်းဖော်သစ်တွေဖြင့် အမြန် အထိုင်ကျဖို့ လိုပါတယ်။ မကြာခင်မှာတော့ ဥရောပမှာ စွမ်းဆောင်ရည် အကောင်းဆုံး လိဂ်နှစ်ခုထဲက တစ်ခုအဖြစ် အင်္ဂလန်လိဂ်မှာ အဆင့် ၅ နေရာကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရမှာပါ။ လီဗာပူးကတော့ ဘယ်လိုနည်းနဲ့မဆို Top 4 ဝင်ရေးက ဦးစားပေး ဖြစ်ပါတယ်။

ချန်ပီယံလိဂ် တစ်နှစ် မဝင်တာက ဖြစ်တတ်ပါတယ်၊ နှစ်ရာသီ မဝင်တာမျိုးကို လုံးဝ အဖြစ်မခံဖို့ လီဗာပူးက ရည်ရွယ်ပါတယ်။ လက်ရှိမှာ လူစာရင်းအတွက် အရေးကြီးတဲ့ နေရာ အင်အားဖြည့်မှု မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီအကြောင်းအတွက်နဲ့ ဒီရာသီ မကျရှုံးရေးဟာ ကလော့ပ်နဲ့ လီဗာပူးရဲ့ ဦးတည်ချက်ပဲ ဖြစ်ပါတယ်။