ပွဲကစားနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ မရှိတဲ့ လာဗီယာ၊ လီဗာပူးထက် ပိုပေးမယ် ဆိုပေမယ့် သဘောတူညီမှု မရယူနိုင်သေးတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းပေးပြီး ခေါ်ယူဖို့ကို ပြင်ဆင်ထားပြီဖြစ်ပါတယ်။ ၎င်းတို့ဟာ လီဗာပူးပေးထားပြီး ဘရိုက်တန်ဘက်က လက်ခံထားတဲ့ ပေါင် ၁၁၁ သန်းထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှု ပေးရမှာဖြစ်ပါတယ်။

သောကြာနေ့က လီဗာပူးအသင်း သဘောတူညီမှုရပြီးနောက် ၂၄ နာရီကြာ ညိနှိုင်းမှုကနေ ချယ်ဆီးအသင်းဟာ ဘရိုက်တန်ကို ငွေပေးချေမှုအတွက် သဘောတူညီမှုရဖို့ ကြိုးစားနေပါတယ်။ ၎င်းတို့ကတော့ ကိုင်ဆီဒိုကို ခေါ်နိုင်မယ်လို့လည်း ယုံကြည်ထားကာ ကာလရှည် စာချုပ်မျိုး ပေးအပ်မှာဖြစ်ပါတယ်။

ဒါပေမယ့်လို့ အချိန်ဆွဲပြီး လမ်းကြောင်းရှာလာခဲ့တာဟာ ၂၄ နာရီမကဘဲ ၄၈ နာရီကို ကျော်လွန်လာချိန်ထိ ချယ်ဆီးတို့ဟာ ကိုင်ဆီဒိုအတွက် ပေါင် ၁၁၅ သန်း ပေးဖို့ စီစဉ်နေပြီ ဆိုတာကလွဲလို့ ဘရိုက်တန်ဘက်က လက်ခံမယ့် ငွေပေးချေမှု ပုံစံကို အခုထိ တင်သွင်းနိုင်ခြင်း မရှိတာပါ။

ဒီကနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်အထိ ချယ်ဆီးဘက်က သဘောတူညီမှု ရှာနိုင်ဦးမှာ မဟုတ်ဘူးလို့လည်း အေဂျင်စီတွေနဲ့ နီးစပ်သူတွေထံက သတင်းကြားရပါတယ်။ ချယ်ဆီးဘက်က အချိန် ဘယ်လောက် ယူဦးမလဲ မသိပေမယ့် ၄၊ ၅ လလောက်တော့ မကြာလောက်ပါဘူး။

လက်ရှိမှာ လီဗာပူးအသင်းဟာ ကိုင်ဆီဒိုအတွက် ဘရိုက်တန်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရထားတဲ့ တစ်သင်းတည်းသော ကလပ်အဖြစ် ဆက်ရှိနေပါတယ်။ ဒါကပဲ အသင်းကိုလည်း အခက်တွေ့နေစေပါတယ်။

အခြေအနေက အချိန်ကြာလာလေ အသင်းအတွက်လည်း ပိုထိခိုက်လေ ဆိုပေမယ့် ဘာမှ ဆက်လုပ်လို့လည်း မရပါဘူး။ လီဗာပူး တာဝန်ရှိသူတွေဟာ တခြား ပစ်မှတ်တွေကိုလည်း လျာထားမှုတွေ လုပ်နေတယ်။ တချိန်တည်းမှာ ကိုင်ဆီဒိုအတွက် ကမ်းလှမ်းမှုကို ရုတ်သိမ်းမှု မလုပ်ပါဘူး။

လာဗီယာ ကိစ္စမှာလည်း စကားပြောမှု ဆက်လုပ်နေကြပေမယ့် လီဗာပူးဘက်က ပေါင် ၄၆ သန်းဟာ နောက်ဆုံး ပေးခဲ့တဲ့ ကမ်းလှမ်းမှု ဖြစ်ပါတယ်။ လီဗာပူးဘက်ကတော့ လာဗီယာအတွက် ပေါင် သန်း ၅၀တောင် ပေးဖို့ အစီအစဉ် မရှိပါဘူး။

ချယ်ဆီးဟာ ဒီနွေစျေးကွက် တစ်ခုတည်းမှာ ကိုင်ဆီဒိုကိုကော လာဗီယာကိုပါ ခေါ်ဖို့ ပြင်ဆင်နေပါတယ်။ လာဗီယာအတွက် ပေါင် ၅၅ သန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းမှု ထပ်ပေးမယ် ဆိုထားပေမယ့် အခုချိန်ထိ သူတို့နဲ့ ဆောက်သမ်တန်ကြား သဘောတူညီမှု မရသေးပါဘူး။ ချယ်ဆီးတို့ ဦးစားပေးက ကိုင်ဆီဒို ဖြစ်ပါတယ်။

လာဗီယာက အတော်လေး စိတ်ရှုပ်ထွေးနေတာမို့ ပွဲကစားနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတောင် မရှိပါဘူး။ ဒါကြောင့်ပဲ သူ့ကို ဆောက်သမ်တန်ဘက်က ပွဲနေ့ လူစာရင်းတွေကနေ ဖယ်ထုတ်ပေးထားရပါတယ်။

နောက်ဆုံး သိရမှုအရ လီဗာပူးအသင်းဟာ ကိုင်ဆီဒိုကိုကော လာဗီယာကိုပါ မရတာမျိုး ဖြစ်လာနိုင်ပါတယ်။