တိုက်စစ် တင်ကစားခြင်း
လီဗာပူးအသင်းမှာ လုံလောက်တဲ့ ကွင်းလယ်လူ မရှိတာကြောင့် နည်းပြအဖွဲ့က တိုက်စစ်ကို တင်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂက်ပိုလို တိုက်စစ်မှူးကို ကွင်းလယ် နံပါတ် ၈ နေရာမှာ ထားပြီး မက်ကယ်လစ္စတာ၊ ဆိုဘိုတို့ဖြင့် တွဲပေးခဲ့တာပါ။
ရာသီကြိုပွဲတွေကို ကောင်းကောင်းကြည့်ခဲ့သူတွေကတော့ ဒီတွဲဘက်မှုကို အံ့ဩမှာ မဟုတ်ပါဘူး။ အပြောင်းအရွှေ့ လှုပ်ရှားမှု နည်းပါးခြင်းနဲ့အတူ ဒီလူစာရင်းကိုပဲ ရာသီကြိုတုန်းက မြင်ခဲ့ရဖူးပါတယ်။ ဒါပေမယ့်လို့ ဂက်ပိုကို တိုက်စစ် ၃ ယောက်တန်း နောက်မှာ ထားတာက ကွင်းလယ် ရုန်းကန်ရမှုကို မလျော့စေခဲ့ပါဘူး။
အလုပ်ဖြစ်ခဲ့ရင်တော့ ကြည့်ကောင်းတဲ့ လူစာရင်းမျိုး ဖြစ်ခဲ့မှာပါ။ ဒါပေမယ့် လီဗာပူးအသင်း ဖိကစားထားနိုင်တဲ့ အစောပိုင်း မိနစ် ၃၀ အတွင်း ကစားကွက် တည်ဆောက်ချိန်တွေမှာပါ ဂက်ပိုနဲ့ တွဲဘက် တိုက်စစ်သမားတွေဟာ မှားယွင်းတဲ့ ပေးချက်တွေဖြင့် အသာရနေမှုကို ဖြုန်းတီးခဲ့ကြပါတယ်။
ပုံစံကောင်း ရှိမနေတဲ့ ဆာလာ
ဆာလာကို အဓိက တည်ပြောရတာက သူဟာ ကျနော်တို့ရဲ့ မျှော်လင့်ချက် ကစားသမား ဖြစ်ပါတယ်။ အသင်းရဲ့ တစ်ရာသီ သွင်းဂိုးတွေထဲ ဂိုး ၃၀ လောက်ဟာ သူ့ကို အားကိုးနေရတာပါ။ တကယ်ကတော့ ဂျိုတာ၊ ဒီယက်ဇ်တို့လည်း လိုအပ်ချက် များခဲ့ပါတယ်။
ဒီယက်ဇ်ရဲ့ သွင်းဂိုးအတွက် လှပတဲ့ ဖန်တီးမှုနဲ့ သူ့ရဲ့ သွင်းဂိုး လူကျွံခြင်းကြောင့် ပယ်ဖျက်ခံရမှု အပါအဝင် ဆာလာဟာလည်း ပထမပိုင်း မိနစ် ၃၀ မှာ အခွင့်အရေးကောင်းတွေအတွင်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူ့ရဲ့ အာရုံစူးစိုက်မှု မရှိခြင်းက ပွဲချိန်ကြာလေ သိသာလေ ဖြစ်လာခဲ့ပါတယ်။
ပွဲချိန် ၇၇ မိနစ်မှာ ဆာလာကို လူစားလဲခြင်းအတွက် သူကိုယ်တိုင်က မပျော်ပါဘူး။ ဒါပေမယ့် ကွင်းထဲမှာ မြင်နေရတာကလည်း ဆာလာရဲ့ အကောင်းဆုံး ပုံစံ မဟုတ်ပါဘူး။ ချယ်ဆီးကစားကွက်ထဲ လုံးဝကို မြုပ်နေခဲ့ချိန် သူ့ကို လူစားလဲလိုက်တာက အသင်းကို တုန့်ပြန်မှုတွေ ရလာစေပါတယ်။
လာမယ့် အပတ်တွေမှာ ဆာလာထံက အကောင်းဆုံး ပြေးနှုန်းနဲ့ အားထုတ်မှုတွေ မြင်ရမယ်ဆိုတာ သံသယ မရှိပါဘူး။ ဒီပွဲအတွက်တော့ သူနဲ့ ဒီယက်ဇ်ကို လူစားလဲပြီး ဗန်ဒုတ်နဲ့ ဟာဗေးကို ထည့်တာဟာ မှားယွင်းတယ်လို့ မမြင်ပါဘူး။
ခံစစ် ကစားကွက် တည်ဆောက်မှု
အချက်အလက်တွေအရ ကလော့ပ်ရဲ့ လီဗာပူးဟာ ချယ်ဆီးနဲ့ ရင်ဆိုင်ကစားသမျှထဲ ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံး ဖြစ်ခဲ့တယ် ဆိုပါတယ်။ အဓိက ပြောရမယ့် အပိုင်းထဲမှာ ခံစစ်ကနေ ကစားကွက် တည်မှု ပါဝင်ပါတယ်။
လီဗာပူးရဲ့ ဘောလုံးပေးချက်ဟာ ချယ်ဆီး ၆၁၀ ရဲ့ ထက်ဝက်ပဲ ရှိခဲ့သလို တိကျမှုလည်း ပိုနည်းခဲ့ပါတယ်။ အဓိကအားဖြင့် ခံစစ်သမား ၃ ယောက်ဖြစ်တဲ့ ကိုနတေး၊ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန်တို့ကနေ ကစားကွက် တည်ဆောက်ရာမှာ တော်တော်လေး အလုပ်မဖြစ်တာကို မြင်ခဲ့ရပါတယ်။
အစောပိုင်းမှာ မာကာနဲ့ ထရန့်တို့က ဘောလုံး လက်ခံနိုင်ပေမယ့်လို့ နောက်ပိုင်းမှာ ခံစစ်က ကွင်းလယ်ကို ဘောလုံး မထုတ်နိုင်ဘဲ အဝေးဘောတွေချည်း ကန်တင်ကာ ပိုင်ဆိုင်မှုတွေကို ဖြုန်းတီးနေခဲ့ပါတယ်။ ရိုဘိုရဲ့ အဓိက အားနည်းချက်က သူဟာ ခံစစ် ကစားကွက် တည်ဆောက်မှုမှာ လှုပ်ရှားမှုနဲ့ ဖြန့်ဝေနိုင်စွမ်း နည်းပါးပါတယ်။
ကွင်းလယ် အတွင်းလူနေရာဟာ လီဗာပူး အားနည်းတဲ့ နေရာ ဆိုပေမယ့် ဘယ်ခြမ်း ကလည်း အတော်လေး ပြဿနာ ကြီးလာနေပါပြီ။ အရင် စနစ်မှာ ရိုဘို အတော်လေး ကောင်းပေမယ့် ဒီစနစ်သစ်နဲ့ဆိုရင်တော့ ဘောလုံး ကိုင်နိုင်စွမ်း ရှိတဲ့ ဗဟိုခံစစ်မှူးဖြင့် အစားထိုးမှ အဆင်ပြေမှာပါ။
သားရဲကြီး ဆိုဘိုနဲ့ နံပါတ် ၁၀ မှာ ပိုအံဝင်မယ့် မာကာ
နည်းပြကလော့ပ်က ချယ်ဆီးပွဲအတွက် ဒီလူစာရင်းကို ခင်းပေမယ့် ကွင်းလယ် ခံစစ်သမား မရခဲ့ရင် မာကာကို ဒီနေရာမှာပဲ ဆက်သုံးနေမလား မေးခွန်းရှိပါတယ်။ ဒါဟာ အတော်လေး နှမြောစရာ ကောင်းပါတယ်။ မာကာရဲ့ အကောင်းဆုံးတွေကို မြင်လိုတယ်ဆိုရင် ရှေ့ကို ပိုတက်ကစားခွင့် ပေးသင့်တာပါ။
သူဟာ ဘရိုက်တန်မှာ ကိုင်ဆီဒိုလို နံပါတ် ၆ သမားနဲ့ တွဲကစားပြီး ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ လီဗာပူးမှာလည်း နံပါတ် ၆ နေရာမှာ ကစားနိုင်တယ် ဆိုပေမယ့် သူ့ရဲ့ လုပ်ပြနိုင်မှု ကန့်သတ်ခံနေရသလို ခံစားရပါတယ်။
ဆိုဘိုကတော့ လှုပ်အားနှုန်းနဲ့အတူ နေရာ အတော်များများကို ဝင်ပြီး ဖိအားပေးမှု လုပ်ခဲ့ပါတယ်။ အချိန်ကြာလေ သူအသင်းမှာ ပိုပြီး အသားကျလေ ဖြစ်လာမှာပါ။ ချယ်ဆီးပွဲမှာတော့ သားရဲတစ်ကောင်လို အားထုတ်သွားပါတယ်။