မန်စီးတီးရဲ့ အောင်မြင်မှုအကြောင်း ပြောရာမှာ လီဗာပူးကို မမေ့တဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြဖြစ်သူ ဂွာဒီယိုလာက သူတို့ရဲ့အသင်းအတွက် လီဗာပူးလို ပြိုင်ဘက်မျိုး ရှိတာဟာ အတော်လေး အရေးကြီးခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ကုန်ခဲ့တဲ့ ၅ ရာသီမှာ အင်္ဂလန်လိဂ်ကို ဦးဆောင်ခဲ့တဲ့ အသင်းနှစ်သင်းအနက် မန်စီးတီးက ဒီရာသီ ဆက်လက် စိန်ခေါ်နိုင်ဆဲ အခြေအနေမှာ လီဗာပူးကတော့ ရုန်းကန်ရမှုတွေနဲ့အတူ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်လို့ ဂွာဒီယိုလာက သူ့ရဲ့ ကြီးမားတဲ့ ပြိုင်ဘက်အဖြစ် လီဗာပူးလို့ မြင်နေဆဲပါပဲ။

လီဗာပူးက ရမှတ် ၁၈ မှတ်ထိ ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်သွားတာကို ရင်ဆိုင်ခဲ့ရဖူးတဲ့ မန်စီးတီးဟာ နောက်ထပ် ၂ ရာသီမှာတော့ ၁ မှတ်အသာတွေနဲ့ လီဗာပူးကို ကျော်တက်ခဲ့တာပါ။ မန်စီးတီးရဲ့ အောင်မြင်မှုတွေအကြောင်း ပြောရာမှာ လီဗာပူးရဲ့ တွန်းအားကို ချန်လို့မရဘူးလို့ ဂွာဒီယိုလာက ဆိုပါတယ်။

“ ပြီးခဲ့တဲ့ ရာသီမှာ လီဗာပူးက ကျနော်တို့ကို တွန်းအားပေးခဲ့တဲ့ နည်းလမ်းအရ အသင်းတစ်သင်း အနေနဲ့ ကျနော်တို့ ကံကောင်းပါတယ်။ ဒါကို ရိုးရိုးသားသား ပြောတာပါ။

အမှတ်ပေးဖလားကို ရမှတ် ၁၀၀တို့ ၉၈ မှတ်တို့နဲ့ အနိုင်ရပြီး လုံလောက်ပြီလို့ ကျနော်တို့ စိတ်သက်သာရာ ရနေချိန်မှာ လီဗာပူးက ကျနော်တို့ကို တွန်းအားတွေ ပေးလာခဲ့ပါတယ်။

ကျနော်တို့က အနိုင်ရဖို့ ကြိုးစားပါတယ်။ အသင်းက လူတွေအားလုံးက အနိုင်ရချင်တယ်။ ဘာလို့ ကျနော်တို့ ရပ်တန့်ရမှာလဲ? ရပ်တန်ဖို့ မလိုအပ်သေးပါဘူး ” လို့ ဂွာဒီယိုလာက ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ကလော့ပ် လက်ထက်မှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကို ၃ ကြိမ်၊ ချန်ပီယံလိဂ်ကို ၃ ကြိမ် အနီးကပ် စိန်ခေါ်ခဲ့ပြီး ၁ ကြိမ်စီ ချန်ပီယံ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။