NEWS: ချူအာမီနီအတွက် ချဉ်းကပ်ပေမယ့် ရောင်းရန်မဟုတ်ကြောင်း မက်ဒရစ်တို့ အကြောင်းပြန်

လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ချူအာမီနီကို ခေါ်ယူနိုင်ရေး လာလီဂါကလပ်ထံ ချဉ်းကပ်မှုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်နေပေမယ့် ရောင်းရန်မဟုတ်ကြောင်း ပယ်ချခံလိုက်ရပါတယ်။

The Athletic မှ David Ornstein ကပဲ ရီးရဲလ်ဟာ လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေထံက စိတ်ဝင်စားခြင်းအား ရနေပေမယ့် ပြင်သစ်သား ကွင်းလယ်လူကို ထွက်ခွင့်ပေးမှာ မဟုတ်ဘဲ သူတို့ရဲ့ အဓိက ကစားသမားအဖြစ် ဆက်ထိန်းသွားမယ်လို့ ဖော်ပြလာခဲ့ပါတယ်။

မနှစ်ကနွေမှာ မိုနာကိုကနေ ရီးရဲလ်မက်ဒရစ်ကို ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ စနေနေ့တုန်းက ဘီဘာအိုကို ရီးရဲလ်တို့ အနိုင်ရတဲ့ပွဲမှာ ဘယ်လင်ဟမ်နဲ့အတူ ပွဲထွက်သွားခဲ့ပါသေးတယ်။

ချူအာမီနီ ကိုယ်တိုင်ကလည်း မက်ဒရစ်မှာပဲ ဆက်ကစားလိုပြီး အသင်းပြောင်းလိုစိတ် မရှိပါဘူး။ ဒါဟာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကို လက်လွတ်ထားရတဲ့ လီဗာပူးအတွက် စိတ်ပျက်စရာ သတင်း ဖြစ်လာခဲ့ပါတယ်။

ကိုင်ဆီဒိုကို ချယ်ဆီးနဲ့အပြိုင် ခေါ်ယူရေး မအောင်မြင်ခဲ့တဲ့ လီဗာပူးဟာ အခြားသော ပစ်မှတ်တွေကို ရှာဖွေနေခဲ့တာပါ။ လီဗာပူးအသင်းဟာ နံပါတ် ၆ သမား တစ်ဦးရဖို့ အတော်လေး ကြိုးစားနေပေမယ့် သတင်းကောင်း ကြားရခြင်း မရှိသေးပါဘူး။

ဆောက်သမ်တန်နဲ့ လာဗီယာအတွက် ပေါင် သန်း ၆၀ ပေးဖို့ သဘောတူညီမှု ရကြောင်း သတင်းတွေ တက်နေပေမယ့်လို့ ချယ်ဆီးကလည်း ဘယ်ဂျီယံသားကို ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

နောက်ထပ် ပစ်မှတ်အဖြစ် ပီအက်စ်ဗီ ကွင်းလယ်လူ ဆန်ဂါရေးကို ချိတ်ဆက်ဖွယ်ရှိကြောင်း သတင်းတွေ ထွက်နေပေမယ့် အခုချိန်ထိ တရားဝင် ချိတ်ဆက်မှုတွေ ရှိမလာသေးပါဘူး။