

စကိုင်းစပေါ့ရဲ့ Monday Night Football ပရိုဂရမ်မှာ ကာရေဂါက ရှက်ဖို့ကောင်းတဲ့ လီဗာပူးရဲ့ အပြောင်းအရွှေ့ ကြိုးစားမှုတွေကို အခုလို ဆွေးနွေးသွားပါတယ်။
ကာရေဂါက “ တကယ်ကို ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့တာပဲ။ တကယ့် ဟာသပဲ၊ ရှက်ဖို့လည်း ကောင်းတယ်။ ချယ်ဆီးတို့ ကွင်းလယ်လူ ၂ ဦးလုံးကို ရသွားခဲ့ရင် လီဗာပူးအပေါ် မေးခွန်းတွေ အများကြီး ထုတ်ရလိမ့်မယ်။ ဒီအပတ်တွေထဲ ဖြစ်သွားတာက လီဗာပူးအသင်း မဟုတ်သလိုပါပဲ။
ချယ်ဆီးက ငွေတွေ အများကြီး သုံးပြီး လူခေါ်နေတာကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးအတွက် လီဗာပူးကို ကျော်ပြီး ရသွားတာက တကယ်ကို အံ့မခန်းပါပဲ။
ဒီရက်ပိုင်း လီဗာပူးက လာဗီယာအတွက် ပေါင် သန်း ၆၀ ပေးတယ်ပြောတယ်။ ပြီးခဲ့တဲ့ ၄၊ ၅ ရက်တုန်းကတောင် ပေါင် သန်း ၅၀ ပေးဖို့ တွန့်နေတာလေ။ လီဗာပူးရဲ့ အပြောင်းအရွှေ့ စီမံမှုတွေဟာ အတော်လေး နားလည်ရခက်ပြီး ဟာသကြီး တစ်ခုလိုပါပဲ။
တကယ့် ပြဿနာက လီဗာပူးအသင်းဟာ ကွင်းလယ်မှာ အစားထိုးဖို့ လိုတာကို လွန်ခဲ့တဲ့ ၁၂ လတည်းက သိပါတယ်။
လူတွေက ကျနော်ဟာ FSG ဘက်က ကာကွယ်ပေးတယ်လို့ ပြောကြမယ်။ ကျနော်နဲ့ သူတို့ကြား ဘာဆက်နွယ်မှုမှ မရှိပါဘူး။ ဒါပေမယ့် အခုလို ရှုပ်ထွေးမှုတွေ ဖြစ်နေတာ ပိုင်ရှင်တွေကြောင့်ထက် ကလပ်ရဲ့ တည်ဆောက်မှုနဲ့ သက်ဆိုင်တာပါ။
လွန်ခဲ့တဲ့ ၂ နှစ်လောက်ထိကို လီဗာပူးဟာ ပရီးမီးယားလိဂ်တင် မဟုတ်ဘဲ ဥရောပ ကလပ်တိုင်း စံနမူနာ ယူရတဲ့ အသင်းပဲလေ။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေ အနိုင်ရပြီး လီဗာပူး ဘာလုပ်ခဲ့လဲ? သူတို့ အခြားအသင်းတွေလို ငွေမသုံးတော့ဘူးလေ။
လီဗာပူးမှာ မန်နေဂျာကောင်းရှိတာ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့မှာ ထိပ်တန်း အသင်းတိုင်း လိုချင်တဲ့ မိုက်ကယ် အတ်ဝဒ်ဆိုတဲ့ အားကစားဒါရိုက်တာ၊ အပြောင်းအရွှေ့ဆိုင်ရာ ကော်မတီ ဒါတွေရှိနေတယ်။ အဲ့တာကြောင့်ပဲ သူတို့ အဆင်ပြေပြေဖြစ်နေခဲ့တာ။
မိုက်ကယ် အတ်ဝဒ် ထွက်သွားတော့ သူရဲ့ လက်ထောက်က သူ့နေရာကို ဆက်ခံတယ်။ ၆ လကြာတော့ ထွက်သွားတယ်။ ဒီလူတွေ ဘာကြောင့် လီဗာပူးကနေ ထွက်သွားကြတာလဲ ကျနော်တို့ မေးဖို့ လိုပါတယ်။ ကျနော်တော့ မသိပါဘူး။ နောက်ကွယ်မှာ ဘာဖြစ်နေလဲ ကျနော် မသိပါဘူး။
ဂျာမန်ကနေ လူတစ်ယောက် ရောက်လာတယ်၊ ကလော့ပ်နဲ့ ဆက်ဆံရေးကောင်းရှိတယ်တဲ့။ ဒီနွေအတွက်ပဲ ခေါ်တာပါတဲ့။ သူထွက်သွားရင် လီဗာပူးက နောက်ထပ် အားကစားဒါရိုက်တာ ထပ်ခေါ်ရဦးမယ်။ ဒီတော့ ၁၈ လအတွင်းမှာ လီဗာပူးက အားကစာဒါရိုက်တာ ၄ ဦး ရှိလာမှာပါ။ ဒါကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။
ဒီနွေမှာ လီဗာပူးခေါ်လိုက်တဲ့ ကစားသမား ၂ ဦးကလည်း အသင်းပြောင်းရင် ပေးရမယ့် ကြေးပါခဲ့ပြီးသားပါ။ ဘာညိနှိုင်းမှမှ ထွေထွေထူးထူး မလုပ်ရပါဘူး။ သူတို့ရဲ့ စာချုပ်ပါကြေး ပေးလိုက်တာနဲ့ ပြီးနေတာပဲ။
လီဗာပူး တကယ်တမ်း ညိနှိုင်းခေါ်ယူလိုက်တာက ရှက်ဖို့ ကောင်းတာကနေ စတာပဲ။ လာဗီယာအတွက် ပေးရမယ့် ပမာဏ မပေးဘူး။ ကိုင်ဆီဒိုအတွက် စံချိန်တင်ကြေး ပေါင် သန်း ၁၁၀ ပေးတော့လည်း သူက ချယ်ဆီးကိုပဲ သွားချင်တယ်။ တခါ လာဗီယာကို ပြန်ခေါ်တော့ သူလည်း ချယ်ဆီးပဲ သွားတော့မယ်တဲ့။ တကယ်ကို စိတ်ပျက်ဖွယ်ပါပဲ ” လို့ ဆွေးနွေးသွားတာ ဖြစ်ပါတယ်။