လီဗာပူးဘက်က အစွမ်းကုန် လုပ်ပေးခဲ့ပါကြောင်း ဖွင့်ချလာတဲ့ ဘရိုက်တန် စီအီးအို

ဘရိုက်တန်အသင်း အကြီးအကဲက လီဗာပူးအသင်းဟာ ကိုင်ဆီဒိုအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့ သူတို့နဲ့ ရက်တွေအကြာကြီး ဆွေးနွေး ညိနှိုင်းခဲ့တာဖြစ်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

ပေါဘာဘာ ဦးဆောင်တဲ့ ဘရိုက်တန်အသင်း တာဝန်ရှိသူတွေထံ ချဉ်းကပ်ပြီး ကိုင်ဆီဒို အပြောင်းအရွှေ့ သဘောတူညီမှုရအောင် ညိနှိုင်းသွားသူက လီဗာပူးအသင်း အမှုဆောင်ချုပ် ဘီလီဟိုဂန် ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကိုင်ဆီဒိုရဲ့ ကိုယ်စားလှယ်တွေဘက်က အကျိုးအမြတ် ပိုရမယ့် ချယ်ဆီးကိုပဲ ရွေးချယ်လိုခဲ့ပါတယ်။

ဘရိုက်တန် စီအီးအို ပေါဘာဘာက ” လီဗာပူးက သိပ်ကိုကောင်းတဲ့ ကလပ်ပါ။ အန်ဖီးမှာ ကွင်းလယ် နံပါတ် ၆ နေရာက ကစားခွင့်ကို လိုချင်တဲ့သူတွေမှ အများကြီးပါပဲ။ ဒါပေမယ့်လို့ ကိုင်ဆီဒိုနဲ့ သူ့ရဲ့ အကြံပေးက အကြောင်းရင်း အချို့ကြောင့် လန်ဒန်ကိုပဲ ပြောင်းလိုခဲ့ပါတယ်။

လီဗာပူးအသင်းထံ ကိုင်ဆီဒို မပြောင်းလိုတာက ကျနော်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က လီဗာပူးနဲ့ သဘောတူညီမှု ယူထားခဲ့တာပါ။ ဒီသဘောတူညီမှု ရဖို့ ရက်တွေ အများကြီး ညိနှိုင်းခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်က ဒီထက်ပိုကောင်းတဲ့ ညိနှိုင်းမှုလည်း ထပ်မလုပ်ပေးနိုင်တော့ပါဘူး။ သူတို့ ပရော်ဖက်ရှင်နယ် ဆန်ဆန်ပဲ အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်။ ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်း ပေးခဲ့သလို ကစားသမားရဲ့ ကိုယ်စားလှယ် အဖွဲ့ကိုလည်း အေးဂျင့်ကြေးတွေ တိုးပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါ့အပြင် ကိုင်ဆီဒိုအတွက် နှစ်ရှည် စာချုပ်အပြင် အန်ဇို ဖာနန်ဒက်စ် ရနေတဲ့ တစ်ပတ် ပေါင် ၃၁၅၀၀၀ နီးတူ လုပ်ခမျိုး ပေးဖို့ပါ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ဆောက်သမ်တန်မှ လာဗီယာကိုလည်း လီဗာပူးပေးတဲ့ လုပ်ခထက် ပိုပေးတဲ့အပြင် စာချုပ်သက်တမ်းကိုလည်း လီဗာပူးပေးမယ့် ၅ နှစ်ထက် ပိုများမယ့် နှစ်ရှည် စာချုပ်ကို ပေးဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။