အယ်လီ၊ ဆာလာနဲ့ သီယာဂို ဆက်ရှိမည်၊ အစမ်းဖွင့်တဲ့ အန်ဖီးကွင်း၊ အပြောင်းအရွှေ့ ကိစ္စ အချို့နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

အယ်လီဆန်နဲ့ မိသားစုတွေဟာ လီဗာပူးမှာ ပျော်ရွှင်နေပြီး ဆော်ဒီလိဂ်ထံ ပြောင်းဖို့ အစီအစဉ် မရှိပါဘူး။ Al-Nassr အသင်းဘက်က အယ်လီဆန်ကို ခေါ်လိုကြောင်း အသံထွက်နေတာပါ။

လီဗာပူးမှာထက် ပိုကြီးမားတဲ့ နှစ်ရှည် စာချုပ်ရမှာမို့ လာဗီယာက
ချယ်ဆီးအသင်းထံပဲ ပြောင်းလိုနေတာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ကစားသမားတွေကို ပုံမှန်ထက် ကျော်လွန်ပြီး ၇ နှစ် ၈ နှစ် စာချုပ်တွေ ပေးနေတာပါ။

လီဗာပူးနည်းပြအဖွဲ့ဟာ ဖူလ်ဟမ်အသင်းမှ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူ ပါလင်ညာကို အတော်လေး အထင်ကြီးပေမယ့် သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အထက်မှ ရနိုင်မှာကို သိထားပါတယ်။

တိုက်စစ်မှာ နေရာတစ်နေရာရရေး ပြိုင်ဆိုင်ရမယ့်အပေါ် ထိတ်လန့်နေခြင်း မရှိဘူးလို့ ဗန်ဒုတ်က ပြောပါတယ်။ အသက် ၁၇ နှစ်အရွယ် တိုက်စစ်သမားဟာ ချယ်ဆီးနဲ့ပွဲမှာ ဒီယက်ဇ်နေရာ လူစားဝင်ခဲ့တာပါ။

အန်ဖီးကွင်းရဲ့ Anfield Road ပွဲကြည့်စင်ကို အစမ်း ဖွင့်မှု ပြုလုပ်ခဲ့ကာ ပရိသတ် အနည်းငယ်ကို ဝင်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အောက်ဘက် ပွဲကြည့်စင်ကိုပဲ ပရိသတ် လက်ခံဦးမှာဖြစ်ပြီး အထက်ပိုင်း ပွဲကြည့်စင်ကတော့ အောက်တိုဘာလ အကုန်လောက်မှ ပြီးမှာဖြစ်ပါတယ်။

ဆာလာနဲ့ သီယာဂိုတို့ဟာ ဆော်ဒီလိဂ်ဖြင့် သတင်းထွက်နေပေမယ့်လို့ လီဗာပူးအသင်းမှာပဲ ဆက်ရှိနေကြဖို့ ဆုံးဖြတ်ထားကြသူတွေ ဖြစ်ပါတယ်။

ယူ-၂၁ အဆင့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘော်ဘီကလက်ဟာ အတော်လေး ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသခဲ့ပြီး ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ပြခဲ့ပါတယ်။

လီဗာပူးအသင်းက ကွင်းလယ်ခံစစ် နေရာအတွက် အစားထိုးဖို့ ရှာဖွေနေပေမယ့် မီဒီယာထက် သတင်းတွေ မတက်အောင်လည်း ကြိုးစားနေပါတယ်။ ဒီတလော အသင်းရဲ့ ပစ်မှတ်တိုင်းက ပေါက်ကြားလာနေပြီး ကလပ်ကို အရှက်စေတဲ့ သတင်းတွေပဲ ပြည့်နေခဲ့တာပါ။

ဘရိုက်တန်အသင်းက ပေါင် ၁၅ သန်း ဝန်းကျင်ဖြင့် ချိတ်ဆက်နေတဲ့ လိုင်လီ ကွင်းလယ်လူ ကားလိုစ့် ဘာလီဘာကို လီဗာပူးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ပရိသတ်တွေကတော့ ဘရိုက်တန် ချိတ်ဆက်နေကတည်းက စဉ်းစားဖို့ မလိုဘဲ ဝင်ရောက် ကမ်းလှမ်းဖို့ အကြံပေးနေကြပါတယ်။