လာမယ့်ရာသီ ပရီးမီးယားလိဂ် ၇ သင်းထိ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ကြောင်း ရှင်းပြမှု

ဒီသတင်းဟာ နောက်ပြောင် ဖော်ပြနေခြင်း မဟုတ်ပါဘူး။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံသစ် စတင် ကျင်းပမှာမို့ ပရီးမီးယားလိဂ် ကလပ် ၇ သင်းထိ ပါဝင် ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေး ရှိပါတယ်။

ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကလပ် ၇ သင်းထိ ပါဝင်ဖို့ဆိုရင် ဒီရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဖလားတွေကို အင်္ဂလန်ကလပ်တွေ အနိုင်ရဖို့ လိုအပ်သလို အဆိုပါ အသင်းတွေဟာ Top 5 အပြင်ဘက်မှာ ရှိနေမှ ရပါမယ်။

နည်းဥပဒေအရ ခွင့်ပြုမယ်လို့ ဆိုပေမယ့် တကယ် ဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်။ ကောင်းတဲ့ ကိစ္စကတော့ ပရီးမီးယားလိဂ်ဟာ ၅ သင်းထိကို ချန်ပီယံလိဂ် ဝင်ခွင့်ရလာဖို့ အခွင့်အရေး ပိုများလာပါတယ်။

ဒီရာသီထိတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကလပ် ၃၂ သင်းကြား ၄ သင်းပါ အုပ်စု ၈ ခု ယှဉ်ပြိုင်မှုအဖြစ် ဆက်ရှိနေဦးမှာပါ။ ဒါပေမယ့်လို့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ အဲ့လို မဟုတ်တော့ပါဘူး။

‘Swiss league’ စတိုင်လို့ ခေါ်ဝေါ်မယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ အသစ်မှာ ကလပ် ၃၆ သင်းထိ ပါဝင် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပမယ့် ပုံစံကလည်း ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။ အခုပြောပြမှာက ဘယ်လို ကျင်းပမယ့် ဆိုတာထက် ဘယ်အသင်းတွေ ထပ်တိုးသွားမလဲ ဖြစ်ပါတယ်။

၃၂ သင်းကနေ ၃၆ သင်းဖြစ်လာတော့ ထပ်တိုး ၄ သင်းအဖြစ် ဘယ်လိုပုံစံ ဝင်ခွင့်ပေးမလဲ?

– ဝင်ခွင့် ၁ နေရာကိုတော့ ယူအီးအက်ဖ်အေရဲ့ နိုင်ငံအဆင့် သတ်မှတ်ချက် အဆင့် ၅ နေရာ ရရှိမယ့် အမှတ်ပေးလိဂ်မှာ ရာသီကုန်လို့ အဆင့် ၃ နေရာကရှိမယ့် ကလပ်ကို ပေးပါမယ်။ (မနှစ်က အခြေအနေအရဆိုရင် နယ်သာလန်လိဂ်ကို ဆိုလိုပါတယ်)

– ဝင်ခွင့် ၁ နေရာကို ‘Champions Path’ လို့ခေါ်တဲ့ ပုံစံဖြင့် ဝင်ခွင့်ပေးမှာပါ။ လက်ရှိ ချန်ပီယံလိဂ်မှာ ၄ သင်းစီ ဝင်ခွင့်ရထားတဲ့ အမှတ်ပေးလိဂ် ၄ ခုထဲက တစ်ခုကို ၅ နေရာစာအဖြစ် အခွင့်အရေး ပေးမှာပါ။

(နားလည်ရတာကတော့ အင်္ဂလန်၊ အီတလီ၊ စပိန်၊ ဂျာမနီ လိဂ်ကြီး ၄ ခုအတွင်း အမှတ်အများဆုံးရ အဆင့် ၅ အသင်းပါပဲ။ ဒါမှမဟုတ်ခဲ့ရင် ထိပ်ဆုံး ၄ သင်း မဝင်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်လို ဥရောပချန်ပီယံအသင်းကို ဝင်ခွင့်ပေးဖို့ ဖြစ်ပါတယ်)

– နောက်ဆုံး ၂ နေရာကိုတော့ ပြီးခဲ့တဲ့ ရာသီ စွမ်းဆောင်ရည် အကောင်းဆုံး ဘောလုံးလိဂ် ၂ ခုအတွက် ဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ မနှစ်ကရာသီ ချန်ပီယံလိဂ်ကို အင်္ဂလန်နဲ့ အီတလီအသင်းတွေ တက်ရောက်တာကြောင့် အဆိုပါလိဂ်တွေကို အခွင့်အရေး ပေးပါမယ်။

ဒါ့အပြင် ယူရိုပါလိဂ်နဲ့ ယူရိုပါ ကွန်းဖရန့်ပြိုင်ပွဲတွေမှာ စွမ်းဆောင်နိုင်စွမ်းအရ ချန်ပီယံဖြစ်တဲ့ လိဂ်တွေဟာ ဦးစားပေးခံရမှာ ဖြစ်ပါတယ်။

(မနှစ်က မန်စီးတီးနဲ့ ဝက်စ်ဟမ်းတို့ဟာ ဥရောပဖလားတွေ ချန်ပီယံဖြစ်ခဲ့တာမို့ စွမ်းဆောင်ရည် ကောင်းခဲ့တဲ့ ပရီးမီးယားလိဂ်မှ ကလပ် တစ်သင်းကို ချန်ပီယံလိဂ် တစ်နေရာအတွက် ခွင့်ပြုပေးဖို့ ဖြစ်ပါတယ်)