

လီဗာပူးအသင်းဟာ စတုဂတ်နဲ့ ဂျပန်အသင်းခေါင်းဆောင် ဝါတာရု အန်ဒိုကို ခေါ်ယူသွားမှာပါ။ အသက် ၃၀ အရွယ် ကွင်းလယ် ခံစစ်သမားကို အားကစားဒါရိုက်တာ ရှမတ်ကီက တာဝန်ယူ ခေါ်ယူပေးမှာဖြစ်ပါတယ်။
စတုဂတ်အသင်းဟာ သူတို့အသင်းနဲ့ စာချုပ် ၁ နှစ်ပဲကျန်တဲ့ အသင်းခေါင်းဆောင် ဝါတာရု အန်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၉ သန်း ဝန်းကျင် တောင်းဆိုမှာ ဖြစ်ပါတယ်။ ကစားသမားဟာ ဆေးစစ်ဖို့ရာ အန်ဖီးထံ ရောက်လာတော့မှာပါ။
မနှစ်တုန်းက အာသာကို ခေါ်ယူခဲ့ရသလို အလျင်စလို အပြောင်းအရွှေ့ လှုပ်ရှားမှု မဖြစ်လာစေရေးအတွက် လီဗာပူးဘက်က အန်ဒိုကို အမြန်ဆုံး ခေါ်ယူထားခဲ့တာပါ။ နောက်ထပ် ခေါ်ယူမှုက ကွင်းလယ်ဖြစ်လာဦးမယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်၊ ဖီအိုရင်တီးနားမှ အမရာဘတ်နဲ့ ပဲလေစ့်မှ ဒူကူရေတို့ကို ချိတ်ဆက်မှု လုပ်နေတယ်လို့ အပြောင်းအရွှေ့ သတင်းထောက်တွေက ဆိုပါတယ်။
အက်စတွန်ဗီလာနည်းပြ အမ်မရီက ကွင်းလယ်လူ ကာမာရာကို ဆက်ထိန်းလိုပေမယ့် အပြောင်းအရွှေ့က ဖြစ်မလာနိုင်တာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ လီဗာပူးအသင်းက ကွင်းလယ် ပစ်မှတ်ထဲမှာ သူ့ကို ထည့်သွင်းထားပါတယ်။
နည်းပြအဖွဲ့က နောက်ထပ် ကွင်းလယ်လူကို ပရီးမီးယားလိဂ်ကနေပဲ ခေါ်ယူလိုပြီး လိဂ်မှာ အသားကျပြီးသား အရွယ်ကောင်း ကစားသမားမျိုးကို အလိုရှိပါတယ်။
ဆော်ဒီကလပ်ဟာ ဂိုးသမား အယ်လီဆန်အတွက် တရားဝင် ချဉ်းကပ်မှု မလုပ်လာသေးပါဘူး။ လီဗာပူးနဲ့ ဂိုးသမားဘက်ကတော့ ဒီချိတ်ဆက်မှုကို ပယ်ချဖို့ အဆင်သင့် ရှိပါတယ်။
သီယာဂိုဟာ လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာကာ ဘုန်းမောက်ပွဲမှာ ပွဲထွက်နိုင်မယ် ခန့်မှန်းရပါတယ်။
လီဗာပူးအသင်းဟာ ကလပ်ရဲ့ အကယ်ဒမီ ကစားသမားဟောင်းနဲ့ ယူ-၁၅၊ ယူ-၁၆ အသင်းတွေမှာ နည်းစနစ်ပိုင်း အကဲဖြတ်သူအဖြစ် လုပ်နေတဲ့ Joel Bonner ကို စီနီယာအသင်းရဲ့ post-match analysts အဖြစ် တာဝန်ပေးလိုက်ပါပြီ။ ၎င်းဟာ ထရန့်နဲ့အတူ အကယ်ဒမီမှာ အတူတွဲကစားလာခဲ့သူ ဖြစ်ပါတယ်။