

လီဗာပူးအသင်းဟာ ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ်မှူး နေရာတွေမှာ ကစားနိုင်တဲ့ အသက် ၃၀ အရွယ် ဂျပန်သား ဝါတာရု အန်ဒိုကို ခေါ်ယူဖို့ အပြီးသတ်နေပြီ ဖြစ်ပါတယ်။
ကိုင်ဆီဒိုနဲ့ လာဗီယာကို ခေါ်ယူနိုင်ခြင်း မရှိတဲ့နောက် လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် အမြန်ဆုံး လှုပ်ရှားနေကြောင်း သိထားရပါတယ်။ အန်ဒိုဟာ စတုဂတ်အသင်းကို ၂၀၁၉ မှာ ရောက်ခဲ့ပြီး ပွဲပေါင်း ၁၀၀ ကျော် ကစားထားကာ ဒဏ်ရာပြဿနာ နည်းပါးသူဖြစ်ပါတယ်။
၂၀၂၀ မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျပန်အသင်းကို ဦးဆောင်ခဲ့ပါသေးတယ်။ ၎င်းဦးဆောင်တဲ့ လက်ရွေးစင်အသင်းဟာ ကာတာမှာ အဝတ်လဲခန်းကို အသုံးပြုပြီးတိုင်း အမြဲတမ်း ရှင်းလင်းပေးခဲ့ပြီး ပြိုင်ပွဲက ထွက်ခွာချိန်မှာ နှုတ်ဆက်စာ ရေးသားခဲ့မှုကလည်း ကမ္ဘာကျော်ခဲ့ပါတယ်။
အန်ဒိုဟာ ဂျာမာန်ကလပ်ကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နေပြီး နောက်နှစ်နွေမှာ စာချုပ်ကုန်တော့မှာပါ။ သူ့ကိုတော့ လီဗာပူး အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီက တာဝန်ယူ ခေါ်ယူပေးတာလို့ သိရတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၁၆.၂၄ သန်းဖြစ်ကာ ငွေပေးချေမှု ပုံစံကတော့ မကြာခင် သိလာရပါမယ်။
အန်ဒိုဟာ ဘွန်ဒက်လီဂါ ကျွမ်းကျင်သူတွေကြားမှာ အကောင်းမြင်စရာတွေဖြင့် နာမည်ကြီးသူဖြစ်ပါတယ်။ ဂျာမာန်ဘက်မှာတော့ သူ့အကြောင်း လေ့လာမယ်ဆိုရင် ကောင်းတာတွေချည်း ကြားရပါတယ်။
အချက်အလက်ပိုင်း ပြသမှုတွေအတွင်း ကွင်းတွင်းမှာ သူ့ရဲ့ စည်းစနစ်ရှိမှုက ထင်ရှားသလို စတုဂတ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူနေသူ ဖြစ်ပါတယ်။ သူဟာ ကွင်းထဲမှာ အားကုန်ထုတ်လေ့ရှိပြီး အင်ပြည့်အားပြည့် ကစားခြင်းကလည်း လီဗာပူးအသင်းနဲ့ ကိုက်ညီပါလိမ့်မယ်။
လီဗာပူးအသင်းဟာ ငယ်ရွယ်တဲ့ ကွင်းလယ်လူ တစ်ဦးကို အဓိက အားဖြည့်မှုအဖြစ် ပြုလုပ်မှာဖြစ်ပေမယ့် ဟန်ဒါဆန်၊ မီလ်နာတို့ ထွက်သွားသလို လာမယ့်ရာသီ သီယာဂိုပါ ထွက်ခွာမယ့် ကွင်းလယ်အတွက် ခေါင်းဆောင် တစ်ဦးကိုလည်း ရလိုနေတာပါ။
အန်ဒိုဟာ နည်းပြအဖွဲ့ အလိုရှိသူဖြစ်ပြီး သူရဲ့ အမူအကျင့်ကောင်း၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ ပြင်းထန်တဲ့ အားထုတ်လိုခြင်းတွေဟာ လီဗာပူးရဲ့ ကွင်းတွင်းစွမ်းရည်နဲ့ အဝတ်လဲခန်းအပေါ် သက်ရောက်မှုရှိမယ်လို့ အကောင်းမြင်ခံနေရတာ ဖြစ်ပါတယ်။