အမရာဘတ် မဟုတ်ဘဲ အသက် ၂၄ နှစ်အောက် ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူမယ့် လီဗာပူး

လီဗာပူးအသင်းက မိုရိုကို ကွင်းလယ်လူ အမရာဘတ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဆိုတဲ့ သတင်းတွေက မှန်ကန်မှု မရှိကြောင်း TIA အပါအဝင် အသင်းရဲ့ ရင်းမြစ်တွေက ဖော်ပြလာပါတယ်။

ကွင်းလယ်လူသစ် ရှာဖွေမှု လုပ်ဆောင်နေတဲ့ လီဗာပူးဟာ ဥရောပစျေးကွက်ကနေ ကွင်းလယ်လူ အများအပြားကို ချိတ်ဆက်မှု လုပ်ဆောင်နေတာပါ။ နယ်သာလန် သတင်းတွေမှာ လီဗာပူးက အမရာဘတ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရတော့မယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။

လီဗာပူးသတင်းရင်းမြစ်တွေကတော့ အသင်းဟာ ဒီနွေမှာ အမရာဘတ်ကို ခေါ်ယူရေး စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ အသင်းအတွက် အံဝင်မယ့် ကွင်းလယ်လူကို ရှာဖွေနေဆဲဖြစ်ကာ အမရာဘတ်ကို လုံးဝ ဖယ်ထုတ်ထားခြင်း မဟုတ်ပေမယ့် ကမ်းလှမ်းမှုလုပ်ဖို့ အခွင့်အရေး နည်းပါးပါတယ်။

လီဗာပူးအသင်းက မူလ အစီအစဉ်အတိုင်း ဝါရင့် ကွင်းလယ်လူ တစ်ဦးနဲ့ လူငယ် ကြယ်ပွင့် တစ်ဦးကို ခေါ်ယူဖို့ အားထုတ်လာနေပါတယ်။ ဘွန်ဒက်လီဂါမှ အသက် ၃၀ အရွယ် အန်ဒိုကို ရပြီးတဲ့နောက် နောက်ထပ် ခေါ်ယူမှုဟာ အနာဂတ်ကောင်းရှိတဲ့ ကစားသမား ဖြစ်လာဖို့ ရှိပါတယ်။

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကတော့ လီဗာပူးရဲ့ ပစ်မှတ်တွေထဲမှ ပဲလေစ့်မှ ဒူကူရေ၊ ဗီလာမှ ကာဗာရာ၊ လီဂူးဝမ်းမှ သူရမ်တို့နဲ့အတူ ပါဝင်နေပါတယ်။

လာဗီယာ၊ ကိုင်ဆီဒို အပြောင်းအရွှေ့ ကိစ္စတွေဟာ အသင်းကို အရှက်ရစေခဲ့တာကြောင့် လီဗာပူးဘက်က ခိုင်ခိုင်မာမာ အခြေအနေ မရောက်သေးရင် လူသိထင်ရှား သတင်းပေါက်ကြားလာဖို့ကို အဖြစ်မခံတော့ပါဘူး။

အန်ဒို ကိစ္စမှာလည်း နှစ်သင်းကြား ပြောင်းရွှေ့ကြေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရနိုင်လောက်အောင် နီးစပ်သွားမှပဲ သတင်းပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ ပရိသတ်ကြိုက်ဖို့ထက် ကလော့ပ်ရဲ့ စနစ်မှာ အံဝင်မယ့် ကစားသမားကို ခေါ်ယူပေးဖို့ လိုအပ်နေခြင်းဖြစ်ကာ အန်ဒိုပြီးနောက် ခေါ်ယူမှုဟာ ၂၄ နှစ်အောက် ကွင်းလယ်လူ ဖြစ်လာဖွယ် ရှိပါတယ်။