ဂျပန်လက်ရွေးစင် အန်ဒိုကို ခေါ်ယူခြင်းဟာ လီဗာပူးပရိသတ်တွေကြားမှာတော့ အထင်ကြီးလောက်စရာ အပြောင်းအရွှေ့ ကိစ္စ မဟုတ်ခဲ့ပါဘူး။
အသက် ၃၀ အရွယ် ကစားသမား တစ်ဦးကို ပေါင် ၁၆ သန်းနဲ့ ခေါ်ယူပြီး ထပ်တိုးကြေးတွေနဲ့ဆိုရင် ပေါင် သန်း ၂၀ ထိ ရောက်သွားနိုင်ခြင်းဟာ လီဗာပူးလို ကလပ်မျိုးအတွက် လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ယူဆနေကြတယ်။ ဒါကြောင့်ပဲ အန်ဒိုဟာ အာသာလိုပဲ ဂရူးမူးထိုး ခေါ်ယူမှုလို့ သုံးသပ်ကြပါတယ်။
ဒါပေမယ့်လို့ မယုံနိုင်စရာကောင်းအောင်ပဲ ဂျပန်သား ကွင်းလယ်လူဟာ ဘွန်ဒက်လီဂါမှာ အတော်လေး လူအထင်ကြီးခံရသူ ဖြစ်နေပါတယ်။ စတုဂတ် ပရိသတ်တွေက အန်ဒိုကို ဂန္တဝင်တစ်ဦးလို ချစ်ကြသလို ဂျာမာန် ဘောလုံး ကျွမ်းကျင်သူတွေကလည်း သူ့ကို တော်တော်လေး လေးစားကြပါတယ်။
အသက် ၂၅ နှစ်အရွယ်ထိ ဂျပန်လိဂ်မှာပဲ ကစားနေခဲ့တဲ့ အန်ဒိုဟာ ၂၀၁၉ မှာ ဘယ်ဂျီယံလိဂ်ကနေ စတုဂတ်အသင်းထံ ရောက်ရှိခဲ့ပြီး အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ဆာမူရိုင်း စိ်တ်ဓါတ်ဟာ စတုဂတ်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တယ်လို့ သိရတယ်။
စိတ်ဓါတ်မာကျောမှု၊ ကွင်းထဲမှာ မြင်းရိုင်းတစ်ကောင်လို့ ရုန်းကစားနိုင်မှုတွေကြောင့် နာမည်ကြီးလှတဲ့ အန်ဒိုကို စတုဂတ်ပရိသတ်တွေ အချစ်ပိုခဲ့တာက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကိုလုံအသင်းနဲ့ ကစားတဲ့ တန်းဆင်းဇုန် အဆုံးအဖြတ်ပွဲကြောင့် ဖြစ်ပါတယ်။
နိုင်ခဲ့ရင် ဘွန်ဒက်လီဂါမှာ ကျန်ခဲ့မှာဖြစ်ကာ ရှုံးခဲ့ရင် တန်းဆင်းရမယ့် အခြေအနေဖြစ်ခဲ့ပါတယ်။ မိနစ် ၉၀ ထိ သရေကျနေလို့ စတုဂတ် တန်းဆင်းရမယ် ထင်ထားကြချိန် အချိန်ပိုကျမှ အသင်းခေါင်းဆောင် အန်ဒိုက အနိုင်ဂိုး သွင်းယူခဲ့တာပါ။
အန်ဒိုဟာ သူရဲ့ အမူအကျင့်ကောင်း၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ ပြင်းထန်တဲ့ အားထုတ်လိုခြင်းတွေကြောင့် ဘွန်ဒက်လီဂါ ကျွမ်းကျင်သူတွေ ထောက်ခံပေးနေကြပြီး လီဗာပူးမှာ အောင်မြင်မလား အာသာလိုဖြစ်သွားမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။