

ဒီနွေမှာ ဆော်ဒီကလပ်တွေက ဟန်ဒါဆန်နဲ့ ဖာဘင်ညိုကို ခေါ်ယူဖို့ ကြိုးစားလာကြချိန် ကစားသမားတွေကို ဆွဲထားဖို့ဟာ ခက်ခဲခဲ့တယ်လို့ နည်းပြကလော့ပ်က ဂျာမာန်သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။
ဒီနွေ လီဗာပူးရဲ့ အစီအစဉ်ထဲမှာ ကလပ်ရဲ့ ကွင်းလယ်လူ နှစ်ဦးကို ရောင်းထုတ်ဖို့ မပါခဲ့ပါဘူး။ ဒါပေမယ့်လို့ ဆော်ဒီရဲ့ ကြီးမားတဲ့ ပလန်တွေထဲမှာ လီဗာပူး ကစားသမား ၂ ဦးကို ခေါ်ယူဖို့အရေး ပါဝင်သွားခဲ့တာပါ။
ရာသီကြို မတိုင်ခင် ဆော်ဒီကလပ်တွေဟာ ဟန်ဒါဆန်ကို တစ်ပတ်လုပ်ခ ပေါင် ၇ သိန်း ဝန်းကျင်၊ ဖာဘင်ညိုကို တစ်ပတ်လုပ်ခ ပေါင် ၄-၇ သိန်းကြား ပေးဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီခဲ့တာဖြစ်ပြီး ဒါဟာ လီဗာပူးအသင်းရဲ့ လုပ်ခအမြင့်ဆုံး ကစားသမား ဆာလာထက်တောင် ပိုများလွန်းနေတာ ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေး သဘောတူညီအပြီးမှာ အသက် ၂၉ နှစ်အရွယ် ဖာဘင်ညိုကို ပေါင် သန်း ၄၀၊ အသက် ၃၃ နှစ်အရွယ် ဟန်ဒါဆန်ကို ပေါင် ၁၂ သန်းတို့ဖြင့် လီဗာပူးကို ကမ်းလှမ်းခဲ့ကြတယ်။ ကစားသမားတွေဟာ နည်းပြကလော့ပ်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပေမယ့် အသင်းကနေ ထွက်ခွာလိုကြောင်း ထုတ်ပြောခဲ့တာပါ။
ကလော့ပ်ဟာ သူတို့ကြား ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ အခြေအနေကို အင်္ဂလန်သတင်းဌာနတွေမှာ မပြောခဲ့ပေမယ့်လို့ သူ့ရဲ့ နိုင်ငံဖြစ်တဲ့ ဂျာမနီမှာတော့ ဆော်ဒီအကြောင်း အားလုံးသိအောင် အနည်းငယ် ပြောပြလိုခဲ့တာ ဖြစ်ပါတယ်။
ယာဂင်ကလော့ပ်ကပဲ ‘ ဘော်ဘီက သိပ်ကောင်းတဲ့ အခြေအနေမျိုးနဲ့ ထွက်သွားတာပါ။ သူက စာချုပ်ကုန်သွားတာလေ။ သူကြိုက်တဲ့နေရာ သွားပြီး၊ ကြိုက်တဲ့အသင်းနဲ့ စာချုပ်ချုပ်ခွင့်ရှိတယ်။ သူ့စိတ်ကြိုက် ရွေးချယ်ဖို့ကို စိတ်ကြိုက် လုပ်ခွင့်ရခဲ့တာပေါ့။
ဟန်ဒိုနဲ့ ဖာဘင်ညိုတို့ကတော့ ကျနော် ရုံးခန်းထဲမှာ အတူထိုင်ပြီး ဆွေးနွေးခဲ့ကြတယ်။ သူတို့ကို ရောင်းထုတ်ခြင်း မလုပ်ဘဲ ဆက်ထိန်းထားဖို့ အခွင့်အရေး ကျနော်တို့မှာ မရှိတော့ဘူးဆိုတာ ပိုသိခဲ့ရတာပေါ့။
ဆော်ဒီလိဂ်ရဲ့ ငွေကြေး အခြေအနေကလည်း သိပ်ကို ကြီးမားတယ်။ သူတို့မှာ ကန့်သတ်ချက် မရှိဘူးလို့တောင် ပြောရမယ်။ ရော်နယ်ဒိုလို ကစားသမားကိုတောင် ခေါ်ယူနိုင်မှတော့ သူတို့မှာ ငွေကြေးပိုင်း အကန့်အသတ် မရှိတော့ပါဘူး။ သူတို့လိဂ်အကြောင်း ဘာမှတ်ချက်မှ မပေးလိုပါဘူး။
အပြင်လူတွေ အမြင်နဲ့ပဲ ကြည့်မယ်ဆိုရင်တော့ ဘာမှမဟုတ်တဲ့ ကိစ္စပေါ့။ ဇာတ်လမ်းတစ်ခုလုံးအရ အကောင်းမြင်စရာကတော့ ဆော်ဒီလိဂ်အကြောင်း လူတွေ ပိုသိသွားကြတာပေါ့ ‘ လို့ ဆိုသွားခဲ့ပါတယ်။