

လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် အင်အားဖြည့်မှုအဖြစ် ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်ကို ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။
ဒီအပတ်ထဲမှာ လီဗာပူးတာဝန်ရှိသူတွေဟာ ဘိုင်ယန်ဘက်နဲ့ စတင်ချိတ်ဆက်ကာ ကွင်းလယ်လူကို ခေါ်ယူနိုင်မလား မေးမြန်းမှု စတင်ခဲ့ပါတယ်။ ဘိုင်ယန်ဘက်က နယ်သာလန်သားကို ဆက်ထိန်းလိုပေမယ့် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုဆိုရင်တော့ လက်ခံပေးမယ့် သဘောမျိုး ရှိခဲ့ပါတယ်။
တူချယ်လက်အောက် ပွဲကစားခွင့် နည်းပါးမယ့် အခြေအနေကို သဘောမကျတဲ့ ဂရာဗင်ဘက်ချ် ကိုယ်တိုင်က လီဗာပူးထံ ပြောင်းလိုကြောင်း လမ်းဖွင့်ခဲ့တယ်။ ဒါကြောင့် ကလပ်နှစ်သင်းကြား စကားပြောတော့မှာဖြစ်ပြီး ပေါင် သန်း ၂၀-၃၀ ကြားနဲ့တင် ညိနှိုင်းမှု လုပ်ကြပါမယ်။
လီဗာပူးဘက်ကတော့ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်မယ်လို့ ယုံကြည်နေတယ်။ ကလော့ပ် ကိုယ်တိုင်ကလည်း ဒီခေါ်ယူမှု ဖြစ်လာဖို့ အတော်လေး မျှော်လင့်နေကာ ကလပ်ရဲ့ အပြောင်းအရွှေ့ ကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေ့ဖယ်လိုးနဲ့ ဘယ်ရီဟန်တာတို့ ဂျာမနီကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဂရာဗင်ဘက်ချ်ကို ခေါ်ယူခဲ့ရင် ပရီးမီးယားလိဂ် လူစာရင်းမှာ ယူ-၂၁ ကစားသမား စာရင်းကနေ တင်ခွင့်ရှိပါတယ်။ ဒါကြောင့် အသင်းရဲ့ non-home grown ကစားသမား ၁၇ ဦးထက် ပိုလာနိုင်ခြင်းအတွက် ပြဿနာ မဟုတ်ပါဘူး။
ဒါပေမယ့် မေးခွန်းတစ်ခုကတော့ သူဟာ ကွင်းလယ်ခံစစ်သမား နေရာ အံဝင်ပါ့မလား? ဆိုတာပါပဲ။ လူတိုင်းကတော့ ဂရာဗင်ဘက်ချ်ရဲ့ အဓိကနေရာဟာ DM မဟုတ်ဘူးလို့ နားလည်ထားကြပါတယ်။
ဂရာဗင်ဘက်ချ်ကို ရွေးချယ်ခြင်းဟာ လီဗာပူးအတွက် နောက်ထပ် ခေါ်ယူမှု တစ်ခု ပြုလုပ်ဖို့ လမ်းပွင့်စေမယ့် အခြေအနေမျိုးလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။