ဆိုဘိုစလိုင် ဘယ်လောက်ကောင်းလဲ မြင်ခဲ့ရတဲ့ လီဗာပူး ၃-၁ ဘုန်းမောက်ပွဲမှ စကားပြောစရာများ

အထနှေးတဲ့ လီဗာပူး

ပထမပိုင်း ၁၀ မိနစ်အတွင်း အသင်းကစားပုံက အတော်လေး အခြေအနေ ဆိုးနေပါတယ်။ စက္ကန့် ၆၀ မှာတင် ဂိုးပေးရပြီး လူကျွံနေတာကြောင့် ကံကောင်းခဲ့ပေမယ့် ပွဲချိန် ၃ မိနစ်မှာပဲ ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ပွဲချိန် ၈ မိနစ်မှာ ဂိုးထပ်ပေးရမယ့် အမှားမျိုး အယ်လီဆန် လုပ်ခဲ့ပါတယ်။

အသင်းဟာ ချယ်ဆီးပွဲမှာ မြင်ထားရတဲ့အတိုင်း ခံစစ်ကနေ ကစားကွက် စတင်နိုင်ဖို့ ခက်ခဲပါတယ်။ ကစားကွက် လုံးဝ မတည်နိုင်ဖြစ်နေပြီး ကောင်တာတွေကလည်း မထိရောက်သလို တိုက်စစ်ပိုင်း ဘောလုံးပျက်ရင် ကိုယ် ဧရိယာထဲထိ တောက်လျှောက်ကို ပြန်ပေါက်ခဲ့တာပါ။

ဒါပေမယ့် ခြေပဂိုးနဲ့ ဦးဆောင်ဂိုးတွေရဖို့ ပြင်းပြင်းထန်ထန် အားထုတ်လိုစိတ် ပြသခဲ့ပြီး အချိန်မှီလေး ပြန်ပြီး ဖိဖိစီးစီး ကစားနိုင်ခဲ့တာမို့ ကစားကွက်ပိုင်း ပြန်လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အသင်းလိုက် ကစားပုံ တော်တော်တက်လာခဲ့ပြီး နောက်ပိုင်းမှာ ခံစစ် ၃ ယောက်တန်းနဲ့ ကွင်းလယ် ၆ နေရာတွေက မာကာ၊ ထရန့်တို့ အတွဲညီလာပါတယ်။

ဆိုဘိုစလိုင်

ဒီပွဲမှာတော့ ဆိုဘိုစလိုင်အကြောင်း အတော်လေး လူပြောများကြမှာပါ။ လီဗာပူးကွင်းလယ်မှာ သူ့လို ရုန်းကစားနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူ မမြင်ရတာ တော်တော်လေး ကြာခဲ့ပါပြီ။ ဖိအားပေးပြီး ပိုင်ဆိုင်မှု လုယူချိန်၊ ခံစစ်ကာကွယ်ချိန်၊ တိုက်စစ်လိုက်ချိန် အားလုံးမှာ သူပါပါတယ်။

ပင်နယ်တီရအောင် ကြိုးစားပေးတာထက် ပိုကောင်းတဲ့ အခွင့်အရေး ဖန်တီးမှုတွေ လုပ်ခဲ့ပေမယ့် အသင်းဖော်တွေ ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ရာသီစမှာတင် အသင်းကစားကွက်မှာ အံဝင်လှပြီး ၁၀ ယောက်ကျန် ဖြစ်သွားချိန်မှာလည်း ပါးပါးနပ်နပ်ပဲ တိုက်စစ်ကို အတင်အချ လုပ်ပေးသွားပါတယ်။

တစ်ကွင်းလုံးမှာ သူရှိနေပြီး ဖိအားပေးချိန်ကော၊ တိုက်စစ် ခံစစ်အတွက် တကယ့် မြင်းရိုင်းတစ်ကောင်လို့ ပြေးလွှား အားထုတ်နေတာပါ။ ချိတ်ဆက်ပုံ နည်းနည်းလိုနေတာကလွဲလို့ တော်တော်လေးကို ကောင်းပါတယ်။

ဒိုင်လူကြီးရဲ့ ခပ်ချာချာ ဆုံးဖြတ်ချက်

မာကာကို အနီကဒ် ပေးတဲ့ ကိစ္စဟာ ဗြိတိန်မီဒီယာတွေမှာ အတော်လေး ပွထနေပါတယ်။ ခြေထောက် ဘေးချင်းပဲ ရိုက်ခဲ့တဲ့ ဒီဖြစ်ရပ်က အဝါလောက်နဲ့ ပြီးသင့်ပေမယ့် ဒိုင်က တိုက်ရိုက် အနီပေးခဲ့ပါတယ်။ မနှစ်က ဂက်ပိုကို တိုင်ရွန်းမင်း ရင်ဘတ်စောင့်ကန်တုန်းကဆိုရင် အဝါကဒ်တောင် ပြခံခဲ့ရတာ မဟုတ်ပါဘူး။

အင်္ဂလန်ဒိုင်တွေဟာ နိုင်ငံခြားသား ကစားသမားတွေအပေါ် ဆက်ဆံပုံ မမှန်ကန်ဘူး ဆိုတာရယ်၊ ဆုံးဖြတ်ချက် အမှားအပေါ် VAR ရဲ့ ပါဝင် ကူညီဆုံးဖြတ်ပေးခြင်း မရှိမှုရယ်ဟာ အတော်လေး ဝေဖန်ခံနေရပါတယ်။ မာကာရဲ့ အနီကဒ် အယူခံ ဝင်မယ် မျှော်လင့်ရပြီး မဟုတ်ရင်တော့ ၃ ပွဲ ပယ်ခံရမှာပါ။

ပြန်လည် ပြင်ဆင်နိုင်ခဲ့ကြသူများ

အယ်လီဆန်ဟာ တော်တော်လေး ထိတ်ပြာတဲ့ ပွဲအစကို ဖန်တီးခဲ့ပေမယ့် တောက်လျှောက် လက်စွမ်းပြန်ပြခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ သူ့ရဲ့ ကာကွယ်မှု ၃ ကြိမ်ဟာ လီဗာပူးကို ကယ်တင်ခဲ့တာပါ။ ဂျိုတာနဲ့ ဆာလာကလည်း အပိုင် အခွင့်အရေးတွေ ဖြုန်းတီးပေမယ့် သွင်းဂိုးတွေရအောင် ကြိုးစားပေးခဲ့ပါတယ်။

အန်ဒိုရဲ့ ပထမဆုံး ပွဲထွက်မှုဟာ ၁၀ ယောက်ကျန်ပေမယ့် ၂ ဂိုးပြတ်နေတဲ့ အနေအထားပါ။ သူရုန်းကန်ရမယ့် အခြေအနေမျိုး မြင်ခဲ့ရပေမယ့် ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့လည်း ပြောနိုင်ပါတယ်။

ဒီယက်စ်နဲ့ ထရန့်တို့ နည်းနည်းနာသွားကြပုံ ရပေမယ့် အခြေအနေ ကောင်းမယ် မျှော်လင့်ရပါတယ်။