ဒီယက်စ် အပါအဝင် တနင်္ဂနွေနေ့ စပါးနဲ့ပွဲမှာ ကလော့ပ် အဖြေထုတ်ပေးရမယ့် မေးခွန်းကြီး ၃ ရပ်

လီဗာပူးဟာ ဗုဒ္ဓဟူးနေ့က ဝက်စ်ဟမ်းနဲ့ပွဲမှာ ၃ပွဲဆက် အနိုင်ရလဒ်နဲ့အတူ အသေးစား ပြန်လည် ဦးမော့လာမှုကို ဆက်လက် မြင်တွေ့ခဲ့ရပါတယ်။

တနင်္ဂနွေနေ့မှာ စပါးကို ဧည့်ခံကစားရတဲ့အခါ အသင်းရဲ့ ဥရောပပြိုင်ပွဲဝင်ခွင့် မျှော်လင့်ချက်အတွက် ရလဒ်ကောင်းရရေး ရည်မှန်းထားရပါလိမ့်မယ်။ ဒီပွဲအတွက် ကလော့ပ် လုပ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအလဲတွေကို ကြည့်ရအောင်..

စပါးပွဲ ပြန်ပါနိုင်မယ့် ကိုနာတေး

ခြေစွမ်း တည်ငြိမ်မှုတွေကြောင့် အနည်းဆုံးတော့ ယူရိုပါလိဂ်ဝင်ခွင့်နား ပြန်ရောက်လာတဲ့နောက် ကလော့ပ်ဟာ အပြောင်းအလဲတွေ သိပ်လုပ်တော့မှာ မဟုတ်ပါဘူး။ စပါးနဲ့ပွဲမှာ ဝက်စ်ဟမ်းပွဲတုန်းက လူစာရင်းကိုပဲ ထုတ်သုံးနိုင်ပြီး နောက်အပတ် ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ်တို့ကို ရင်ဆိုင်ရချိန်မှာတော့ အပြောင်းအလဲတွေ ဖြစ်လာမှာပါ။

ကိုနတေး ကြံ့ခိုင်မှု မပြည့်ချိန်မှာ မာတစ်ဟာ ဗန်ဒိုက်ရဲ့ ဗဟိုခံစစ်တွဲဖက်အဖြစ် ဂိုးမက်စ်ကို ကျော်ပြီး ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ပြင်သစ်သား ပြန်ပါလာနိုင်မှာပါ။ ထရန့်ရဲ့ ညာခြမ်းမှာ သူမပါနိုင်ရင် ဂိုးမက်စ်နဲ့ ဂျိမ်းစ်မီနာတို့က အရံဖြစ်ပါတယ်။ ဘယ်နောက်တန်းမှာတော့ ရော်ဘတ်ဆန်ကို အနားပေးရင် ဆီမီကက်စ်ကို ထည့်သုံးမှာဖြစ်ပါတယ်။

စိတ်ရှည်ရှည်ထားရမယ့် ကာဗာရို၊ ဟာဗေး

ကလော့ပ်ဟာ ကွင်းလယ်လူဟောင်းတွေကို အဓိက အားကိုးလာခဲ့ပါတယ်။ ဖာဘင်ညိုက နောက်ဆုံး ၁၁ ပွဲမှာ ပွဲထွက်ခဲ့ရပြီး ဟန်ဒါဆန်က နိုင်ငံတကာ သီတင်းပတ် အပြီး နောက်ပိုင်း ၆ ပွဲလုံးမှာ ပွဲထွက်ခဲ့ရပါတယ်။ လက်ကျန် တစ်နေရာမှာတော့ ကာတစ်ဂျုံးက နောက်ဆုံး ၅ ပွဲ ဆက်တိုက် ပွဲထွက်ခဲ့ရပါတယ်။

ဒဏ်ရာကနေ ပြန်ကောင်းလာခဲ့တဲ့ သီယေဂိုဟာ နောက်ဆုံး ၄ပွဲလုံးမှာ လူစားဝင်ကစားခဲ့ရပြီး ပွဲထွက်ခွင့်ပြန်ရဖို့ နီးစပ်နေပါတယ်။ အယ်လီးယော့ကတော့ မန်စီးတီးကို ၄-၁ နဲ့ ရှုံးပြီးကတည်းက ထပ်မကစားရတော့တာဖြစ်ပြီး ကာဗာရို နည်းတူ လေ့ကျင့်ရေးမှာ အကောင်းဆုံး လုပ်နေတယ်လို့ ကလော့ပ်က ထုတ်ပြောထားတယ်။

ဒီယက်စ် ဆုံးဖြတ်ချက်

ဖာမင်နိုက ကြွက်သားဒဏ်ရာကြောင့် ထပ်ပြီးလွဲချော်ရနိုင်ပေမယ့် ကလော့ပ်မှာ ရွေးချယ်စရာ တခြားပြဿနာ ရှိနေပါတယ်။ ဆာလာက ညာတောင်ပံမှာ ပုံမှန်ကစားခဲ့ရပြီး ဂိုးတွေသွင်းနေသလို ဂျိုတာက ဘယ်တောင်ပံကနေ နောက်ဆုံး ၃ပွဲမှ ၄ဂိုး သွင်းယူခဲ့ပါတယ်။ အလယ်မှာကစားတဲ့ ကိုဒီဂက်ပိုဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ သူ့ရဲ့ ၆ဂိုးမြောက်ကို သွင်းယူခဲ့တာပါ။

ဒါဝင်နူညက်ဟာ နောက်ဆုံး လိဂ် ၆ ပွဲမှာ ၅ ပွဲက အရံခုံထိုင်ခဲ့ရပြီး ပွဲထွက်နေရာ ဆုံးရှုံးထားရ့ပါတယ်။ ဒါပေမယ့် အဓိက မေးခွန်းက ကာလရှည် ဒဏ်ရာကနေ ပြန်လာပြီးနောက်ပိုင်း လူးဝစ်ဒီယက်ဇ်ဟာ ပထမဆုံးအကြိမ် ပွဲထွက်ကစားဖို့ အဆင်သင့် ဖြစ်နေပြီလားဆိုတာပါပဲ။