မာကာ အနီကဒ် ကိစ္စ တာဝန်ရှိသူတွေဖြင့် ဆွေးနွေးမည်၊ အန်ဒို ပွဲဦးထွက်မှုကို မှတ်ချက်ပေးတဲ့ ကလော့ပ်၊ ထရန့် ဒီယက်စ် ကြံ့ခိုင်မှု အခြေအနေနှင့် လီဗာပူး နံနက်ခင်း သတင်းများ

လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာရဲ့ အနီကဒ်အတွက် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ စကားပြောမှု ပြုလုပ်မှာဖြစ်ပါတယ်။ ဘုန်းမောက်ပွဲမှာ မိနစ် ၄၀ မပါနိုင်တာကပဲ သူ့အပြစ်အတွက် လုံလောက်ပြီလို့ ကလပ်ဘက်က မြင်ပါတယ်။

ဘုန်းမောက်ကို ၃-၁ ဖြင့် အနိုင်ရအပြီးမှာ ဆိုဘိုက “ဒါဟာ အိမ်ကွင်းမှာ ငါတို့ ဘယ်လို စတင်တယ် ဆိုတာပဲ” လို့ ကြွေးကြော်ခဲ့ပါတယ်။

နည်းပြကလော့ပ်က အသင်း ကစားကွက်မှာ အန်ဒိုကို ဘယ်လို ကစားစေဖို့ဆိုတာ အကြမ်းသဘောပဲ ရှင်းပြရသေးတယ်လို့ ဆိုပါတယ်။ အန်ဒိုဟာ ပြီးခဲ့တဲ့ ၂ ရက်မှာ အိပ်ချိန်တောင် သိပ်မရဘဲ ခရီးထွက်လာရမှုတွေဖြင့် အလုပ်ရှုပ်နေတာဖြစ်ပေမယ့် သူတာဝန်ကို ကျေခဲ့တယ်လို့ ကလော့ပ်က ချီးကျူးပါတယ်။

လီဗာပူး ချန်နယ်တွေမှာတော့ အသင်းဖော်တွေနဲ့ လေ့ကျင့်ချိန် ၁ ချိန်ပဲ ဝင်ရသေးသလို ကွင်းထဲ ၁၀ ယောက်ကျန် အနေအထားမှာ အန်ဒိုက ကစားပုံ ကျစ်ကျစ်လစ်လစ် ရှိတယ်လို့ မှတ်ချက်ရပါတယ်။

ပွဲအပြီးမှာ ဒီယက်စ်ဟာ ပရိသတ်တွေကို နှုတ်ဆက်နေသေးပေမယ့် ထရန့်ကတော့ ခြေကျင်းဝတ် အနည်းငယ် နာကျင်နေပုံရပါတယ်။ ပွဲအပြီး မီဒီယာ တွေ့ဆုံမှုမှာ ကလော့ပ်ကတော့ ထရန့်က ကန်ခံရလို့ နာသွားတာဖြစ်ပြီး ခြေကျင်းဝတ် လည်သွားတာမျိုး မဟုတ်လို့ နယူးကာဆယ်ပွဲ ပါနိုင်မယ်လို့ မြင်ပါတယ်။

ဘုန်းမောက် နည်းပြက မက်ကယ်လစ္စတာရဲ့ ဖြစ်ရပ်ဟာ အနီကဒ် မဟုတ်သင့်ကြောင်း ပြောပေမယ့် အယ်လီဆန် ဖြစ်ရပ်ကတော့ အနီကဒ် ပေးရင် ပေးလို့ရတယ်လို့ မှတ်ချက်ပေးပါတယ်။

ဂျိုတာက ၁၀ ယောက် ကွင်းထဲက ကစားသမားတွေဟာ ၁၁ ယောက်အပြည့် ကစားခဲ့စဉ်ကထက်တောင် ပိုကောင်းနေသေးတယ်လို့ အရန်ခုံမှာ အသင်းဖော်တွေနဲ့အတူ ဟာသဖောက်ခဲ့ကြကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဆိုဘိုဟာ ဖိအားပေးမှုတွေမှာ အားထုတ်ပေမယ့် တိုက်စစ်ကို တွန်းမလိုက်တော့ဘဲ ဘောလုံးကို အသင်းခြေထဲပဲ ထိန်းထားနိုင်အောင် လုပ်နေခဲ့တာကို မြင်ရပါမယ်။ ဒါဟာ နည်းပြအဖွဲ့က သူ့ကို အဲ့လို ကစားပေးဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး ကွင်းထဲမှာ အင်ပြည့်အားပြည့် ကစားနိုင်နေတာ သူပဲ ရှိတာမို့ပါ။