ဒဏ်ရာကြောင့် လူစားလဲခံရတဲ့ ထရန့်နဲ့ ဒီယက်စ် အခြေအနေအတွက် ကလော့ပ် ပြောလာမှု

ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲအတွင်း ပွဲချိန် ၇၆ မိနစ်မှာ လူစားလဲခံရတဲ့ ထရန့်နဲ့ ပွဲချိန် ၈၆ မိနစ်မှာ လူစားလဲခံရတဲ့ ဒီယက်စ်တို့ အခြေအနေကောင်းဟန် ရှိပါတယ်။

ထရန့်ဟာ ဂိုးမက်စ်နဲ့ လူစားလဲခံခဲ့ရတာဖြစ်ပြီး အရန်ခုံမှာ သူ့ခြေထောက်ကို ကုသမှု ခံယူနေခဲ့ရတာပါ။ ပြိုင်ဘက် ကစားသမားရဲ့ အကန်ခံခဲ့ရတာလို့ သိရပြီး ပြင်းထန်တဲ့ အခြေအနေ မဟုတ်ပါဘူး။

“ ထရန့် အဆင်ပြေမှာပါ။ သူ အကန်ခံလိုက်ရတာမို့ တော်တော်လေး နာတယ်လို့ ထရန့်က ကျနော်ကို ပြောပါတယ်။ ဒါပေမယ့်လို့ ခြေထောက်ပေါ်ကို ပိကျခဲ့တာ၊ ခြေထောက်ထိတာမျိုး မဟုတ်ဘဲ ကန်ခံရတာမျိုးပါ။ အဲ့တာကြောင့် သူ့ကို လူစားလဲခဲ့ပေမယ့် သူအဆင်ပြေပါတယ် ” လို့ ကလော့ပ်က ပြောပြခဲ့ပါတယ်။

လူစားမှု မလုပ်ခင် ဒီယက်စ်ကလည်း ဒဏ်ရာရတာကြောင့် ကွင်းထဲ ကုသမှု ယူခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဧပရယ်လမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ဒီယက်စ် ကြံ့ခိုင်မှု ပြည့်နေပေမယ့် နည်းနည်းတော့ ပင်ပန်းခဲ့ဟန် ရှိပါတယ်။

ကလော့ပ်ကပဲ “ လူချို ကြံ့ခိုင်နေရင် သူ့ရဲ့ အရည်အချင်းကို ဘယ်သူမှ သံသယ မဝင်ပါဘူး။ သိပ်ကောင်းတဲ့ သွင်းဂိုးကိုလည်း သူ သွင်းပြခဲ့ပါတယ်။ တကယ့် ထိပ်တန်းအဆင့်မှာ ရှိတယ်၊ ကြံ့ခိုင်မှု အရမ်းကောင်းနေပါတယ်။

ဒါပေမယ့်လို့ ဒုတိယပိုင်းက သူ့အတွက် ခက်ခဲခဲ့ပါတယ်။ ကွင်းလယ်လူသစ်တွေနဲ့ တွဲဘက်ရတာကလည်း သူ့အတွက် ခက်ခဲခဲ့တာကို ကျနော်တို့တွေ မြင်ခဲ့ရပါတယ်။ သူလန်းဆန်းနေသမျှ သူဟာ တကယ့်ကို ခြိမ်းခြောက်နိုင်ပြီး ကျနော်တို့အတွက် သိပ်အရေးပါပါတယ် ” လို့ ပြောသွားခဲ့ပါတယ်။

လာမယ့်အပတ် နယူးကာဆယ်ပွဲမှာ သီယာဂို ပြန်လာဖို့ မျှော်လင့်ရသလို မက်ကယ်လစ္စတာ ဖြစ်ရပ် အယူခံဝင်ဖို့ ရှိနေတယ်။ ထရန့်နဲ့ ဒီယက်စ်တို့ကလည်း နားရက် အပြည့်ရထားကြမှာ ဖြစ်ပါတယ်။