ဘုန်းမောက်ပွဲမှာ ဝါတာရူ အန်ဒို အရမ်း မကောင်းပေမယ့် ဘာက အကောင်းမြင်စေတာလဲ

လီဗာပူးအသင်းဟာ တစ်ယောက်လျော့ဖြင့် ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲမှာ နည်းပြကလော့ပ်က ကွင်းလယ်လူသစ် ဝါတာရူ အန်ဒိုကို မိနစ် ၃၀ ဝန်းကျင် ပွဲကစားခွင့် ပေးခဲ့ပါတယ်။

အန်ဒိုရဲ့ ပွဲဦးထွက်က ချွန်ထွက်နေလောက်အောင် ကောင်းမွန်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ကလပ်နဲ့ လေ့ကျင့်ချိန် ၁ ချိန်ပဲ ရှိထားသလို ၁၁ v ၁၁ ချင်း မဟုတ်တဲ့ အနေအထားမှာ သူ့ရဲ့ ပါဝင် ကူညီပေးမှုဟာ အကောင်းမြင်စရာတွေ ရှိခဲ့တာကို နားလည်ခဲ့ကြပါတယ်။

ဘုန်းမောက်ပွဲမှာ အန်ဒိုထံက ကျစ်လစ်တဲ့ ခြေစွမ်းကို မြင်ခဲ့ရတယ်။ သူဟာ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးချိန်တွေမှာ ဖိအားပေး ရယူဖို့ စိတ်ဆန္ဒရှိသူဆိုတာ မြင်ခဲ့ရပါတယ်။ အမြင့်ဘောတွေကို လိုက်လံ အားထုတ်ဖို့အတွက် ကြိုးစားတယ်၊ ဘောလုံးကို ဒေါင်လိုက် ပေးမှုတွေ ကောင်းခဲ့ပါတယ်။

အကယ်လို့ လီဗာပူးအသင်းမှာ သီယာဂို ကြံ့ခိုင်နေရင်၊ ကွင်းလယ်ခံစစ်သမားသစ် ထပ်ရခဲ့ရင် အန်ဒိုက ပုံမှန်ပွဲထွက်ခွင့်ရမလား အာမခံချက် မရှိပါဘူး။ ဒါပေမယ့်လို့ သူဟာ အသင်းလူစာရင်းမှာတော့ ခံစစ်ကာကွယ်ရေးအား စိတ်မှာရှိတဲ့ တစ်ဦးတည်းသော ခံစစ်အားသန် ကွင်းလယ်လူ ဖြစ်ပါတယ်။

အာရှသားဟာ ဂျပန်နဲ့ စတုဂတ်အသင်းတွေမှာ သူ့ရဲ့ စိတ်ဓါတ် မာကျောမှုကို ပြသခဲ့ပြီးပါပြီ။ သူဟာ လီဗာပူး ကွင်းလယ်လူတွေမှာ အားနည်းတဲ့ သမ္ဘာကိုလည်း ပိုင်ဆိုင်ထားတယ်။ တစ်ဦးချင်း စီးချင်းထိုးဖို့နဲ့ ပြိုင်ဘက် ကစားသမားတွေ ဘောလုံး သယ်ဆောင်လာမှုကို ဝင်ရောက် ကိုင်တွယ်လိုစိတ် ရှိတာကို မြင်ခဲ့ရပါတယ်။

အန်ဒိုဟာ သီယာဂိုလိုတော့ ဘောလုံးကို အကောင်းဆုံး လက်ခံယူကာ တစ်ကွင်းလုံး ဖြန့်ပေးနိုင်မယ့်သူမျိုး မဟုတ်ပါဘူး။ ဒါပေမယ့်လို့ သူတာဝန်ယူရတဲ့ ကွင်းလယ် ခံစစ်ပိုင်းအတွက် ကွင်းထဲက ဘယ်နေရာမှာ ရှိနေရမယ်၊ ဘယ်အချိန်မှာ သူဝင်ပါရမယ်ဆိုတာ အလိုလိုသိနေတဲ့ ကစားသမားမျိုးပဲ ဖြစ်ပြီး လီဗာပူးမှာ ဒီလိုလူ လိုအပ်နေတာပဲပါတယ်။