အန်ဒို မဟုတ်ဘဲ FSG ခေါ်ယူလိုတဲ့ ကစားသမားအကြောင်း နည်းပြကလော့ပ် ထုတ်ပြောလာ

နည်းပြကလော့ပ်ကတော့ အသက် ၃၀ အရွယ် ဂျပန်လက်ရွေးစင် အန်ဒိုဟာ အသင်းပိုင်ရှင်တွေ ခေါ်ယူလိုတဲ့ ကစားသမားမျိုး မဟုတ်ဘူးလို့ ထုတ်ပြောလာပါတယ်။

စတုဂတ်ကနေ အန်ဒိုကို ပေါင် ၁၆.၂၅ သန်းပေးပြီး ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့တာဖြစ်ကာ ၂၀၁၀ မှာ အသင်းကို FSG ပိုင်ပြီးတည်းက ဒီလို အပြောင်းအရွှေ့ ဖြစ်လာတာမျိုး မြင်ရခဲ့ပါတယ်။

FSG ကတော့ ရေရှည်ထိ သုံးလိုရနိုင်မယ့် အသက် ၂၀ အရွယ် ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူလိုတာလို့ သိရပြီး ဒီအကြောင်းကို နည်းပြကလော့ပ်က အခုလို ပြောလာပါတယ်။

“ အန်ဒိုကို ခေါ်ယူလိုက်တာက ကျနော်တို့ ပုံမှန် လုပ်နေကျမျိုး မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဆုံးဖြတ်ချက် တစ်ခုအတွက် အမြဲတမ်း ဆွေးနွေးကြပါတယ်။ ပိုင်ရှင်တွေက ပွဲ ၂၀၀ လောက် ကစားပေးနိုင်မယ့် အသက် ၂၀ အရွယ် ကစားသမားမျိုး ရလိုပါတယ်။ အဲ့တာက သိပ်ခက်ခဲပါတယ်။

ကျေနပ်ကြအောင်တော့ ကျနော် မလုပ်နိုင်ဘူး။ ဘောလုံးသမား တစ်ယောက်ရဲ့ အကောင်းဆုံး အသက်အရွယ်ဟာ ၂၇ ကနေ ၃၃ ကြားဆိုတာ ကျနော်သိပါတယ်။ ဒဏ်ရာ ပြဿနာတွေ အပေါ်မှာလည်း မူတည်သေးတာပေါ့။

ဒါကြောင့်ပဲ အန်ဒိုက ကျနော် ခေါ်လိုတဲ့ ကစားသမားစာရင်းထဲ တစ်ယောက်အဖြစ် ပါနေတာပါ။ အခု သူဒီကို ရောက်လာပါပြီ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ် လက်ထက်မှာ လီဗာပူးအသင်းဟာ ဂျိမ်းမီလ်နာကို အလွတ်နဲ့ ခေါ်ယူခဲ့တာနဲ့ သီယာဂိုကို ဘိုင်ယန်မြူးနစ်ကနေ ခေါ်ယူခဲ့တာကလွဲလို့ သက်ကြီး ကစားသမား တစ်ဦး ခေါ်ယူတာမျိုး ရှားပါးခဲ့ပါတယ်။

အန်ဒိုကို ခေါ်ယူရေး အားကစားဒါရိုက်တာ ရှမတ်ကီက ကြိုးစားပေးခဲ့တာဖြစ်ကာ ဒါဟာ ပိုင်ရှင်တွေ စိတ်ကြိုက်ဖြစ်ဖို့ထက် အတွေ့အကြုံရှိကာ ကွင်းလယ်ခံစစ်အတွက် သင့်လျော်တဲ့ ကစားသမားအဖြစ် နည်းပြလိုချင်နေသူလို့ မှန်းဆရတာ ဖြစ်ပါတယ်။